22 C
Yangon

အစ္စရေး၊ ဒူဘိုင်း၊ ယူအေအီးနှင့်ဘာရိန်းနိုင်ငံ အပါအဝင် အရှေ့အလယ်ပိုင်းဒေသရှိ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားထောင်ချီ စစ်ဘေးဒဏ်သင့် နေ၊ MAI က ဒူဘိုင်းလေယာဉ်ခရီးစဉ်များ ယာယီ ရပ်ဆိုင်းကြောင်း ကြေညာ

Must read

🟥ယူအေအီးရှိ စစ်တပ်လက်အောက်ခံ မြန်မာသံရုံးကလည်း လိုက်နာရမည့် သတိပေးချက်များ အရေးပေါ်ထုတ်ပြန်

ရန်ကုန်၊ မတ် ၁

အမေရိကန်နှင့်အစ္စရေးတို့က အီရန်နိုင်ငံကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး အီရန်ကလည်း အစ္စရေးနှင့် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်စခန်းများကို တန်ပြန်တိုက်ခိုက်ခဲ့ရာ အဆိုပါဒေသများသို့ ရောက်ရှိနေသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားထောင်ချီမှာလည်း စစ်ဘေးဒဏ်သင့်နေကြောင်း မြန်မာအလုပ်သမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ စတင်ခဲ့သော အမေရိကန်နှင့်အစ္စရေး၏ တိုက် ခိုက်မှုများကို အီရန်နိုင်ငံက တန်ပြန်တိုက်ခိုက်သည့်အနေဖြင့် ဘာရိန်း၊ ယူအေအီး၊ ဆော်ဒီ၊ ကူဝိတ်၊ ဂျော်ဒန် အပါအဝင် အမေရိကန် စစ်အခြေစိုက်စခန်းရှိနေသော နေရာများအားလုံးကို ဒုံးကျည်များဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်။

ဘာရိန်းနိုင်ငံတွင် နေထိုင်သော မြန်မာနိုင်ငံသူ မထက်အောင်က အီရန်က ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော ဘာရိန်းနိုင်ငံရှိ အမေရိကန်ရေတပ်စခန်းဌာနချုပ်အနီးတွင် နေထိုင်ခြင်းဖြစ်၍ ပေါက်ကွဲသံများစွာ ကြားနေရကြောင်း ပြောဆိုသည်။

“အရင်တစ်ခေါက် ကာတာကို မစ်ဇိုင်းတွေနဲ့ ပစ်ကတည်းက အတွေ့အကြုံတော့ရှိပြီးသားပါ။ အဲဒီမှာ ဖုန်းထဲမှာ Alarm တွေဝင်တယ်။ အဲဒီတုန်းကတော့ အလုပ်မှာ ။ အဲဒီတုန်းက ဒုံးကျည်က ကောင်းကင်က ဖြတ်သွားတာကိုပဲ မြင်ရတာ။ ဒီကို မထိဘူး။ ကာတာမှာက အမေရိကန်ရဲ့ စစ်စခန် အကြီးဆုံးရှိတယ်။ အရှေ့အလယ်ပိုင်းမှာ။ ညီမတို့နေတဲ့ ဘာရိန်းက အမေရိကန်စစ်စခန်း ဒုတိယအကြီးဆုံး။ သတိပေးချက်တွေကတော့ အမြဲတမ်းမြည်နေတယ်။ တဒုန်းဒုန်းနဲ့ အိမ်တွေပါ တုန်နေတာ။ ညီမတို့အိမ်နဲ့ အမေရိကန်စစ်စခန်းက အရမ်းကပ်တယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိ ယူအေအီး၊ ဆော်ဒီနှင့် အရှေ့အလယ်ပိုင်းဒေသရှိ အလုပ်များအားလုံးကို ယာယီ ရပ်နားထားလိုက်ပြီး နေအိမ်များတွင်သာ နေထိုင်ကြရန် အစိုးရများက သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

“အလုပ်တွေ မလာခိုင်းတော့ဘူး။ ဖုန်းတွေမှာတော့ ကောင်းကင်မှာ ဒုံးကျည်တွေ ဖြတ်သွားတိုင်း Alarm တွေ မြည်တယ်။ အလုပ်ရှင်တွေက လုံး၀ အလုပ်မလာခိုင်းတော့ဘူး။ ဘာဆက်ဖြစ်မလဲတော့ မသိသေးဘူး။ ညကတော့ ဒူဘိုင်းလေဆိပ်နဲ့ ဟိုတယ်မီးလောင်တယ်။ မီးခိုးလုံးတွေ မြင်နေရတယ်” ဟု ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် ရောက်ရှိနေသော ဟိုတယ်ဝန်ထမ်း မြန်မာနိုင်ငံသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အစ္စရေးနိုင်ငံတွင် ရောက်ရှိနေသော စိုက်ပျိုးရေးကျွမ်းကျင်သူ မြန်မာနိုင်ငံသား ကိုထက်ကမူ အစ္စရေးတွင်လည်း အလုပ်များအားလုံး ရပ်နားလိုက်ထားလိုက်ပြီး အစိုးရနှင့် ဒေသ အာဏာပိုင်များက ဗုံးခို ကျင်း Shelter များတွင် သွားရောက် ခိုလှုံနေရကြောင်း ပြောဆိုသည်။

“မြေအောက်ဘူတာလို နေရာမျိုးကြီးတွေ အဲဒီမှာ ကျနော်တို့ ထိုင်းနဲ့ ဖိလစ်ပိုင်အလုပ်သမားတွေနဲ့အတူ ခိုလှုံနေရတယ်။ အခုက အစ္စရေးက အရေးပေါ် အခြေအနေကြေညာလိုက်တော့ အဲဒါ မပြီးမချင်း အလုပ်တွေ ပိတ်ထားမယ်လို့ အလုပ်ရှင်က ပြောတယ်။ အခုထိတော့ ဘေးကင်းပါတယ်” ဟု ကိုထက်က ရှင်းပြသည်။

အရှေ့အလယ်ပိုင်းဒေသအတွင်း လက်ရှိဖြစ်ပေါ်နေသော စစ်ရေးတင်းမာမှုများနှင့် တိုက်ခိုက်မှုများကြောင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အတွင်း ရောက်ရှိနေထိုင်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဘေးကင်းလုံခြုံစွာ နေထိုင်ကြရန် အဘူဒါဘီမြို့ရှိ စစ်တပ်လက်အောက်ခံ မြန်မာသံရုံးက ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ညပိုင်း တွင် အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်သည်။

စစ်တပ်သံရုံး၏ ညွှန်ကြားချက်တွင် ဒေသတွင်း စစ်ရေးအခြေအနေများအရ မြန်မာနိုင်ငံသားများအနေဖြင့် လုံခြုံစိတ်ချရသော နေအိမ်များနှင့် အမိုးအကာများအောက်တွင်သာ နေထိုင်ကြရန်၊ မလို အပ်ဘဲ ပြင်ပသို့ သွားလာခြင်းနှင့် ခရီးသွားလာခြင်းများကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန်၊သက်ဆိုင် ရာ ဒေသအာဏာပိုင်များ၏ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရန်၊ ယူအေအီးအစိုးရက တရား ဝင်ထုတ်ပြန်သည့် သတင်းများနှင့် ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များမှ လမ်းညွှန်ချက်များကို အစဉ်မပြတ် စောင့်ကြည့်လိုက်နာရန် တိုက်တွန်းထားသည်။

ယင်းအပြင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း -MAI ကလည်း မတ်လ ၁ ရက်နေ့မှစတင်ပြီး ယူအေအီး၊ ဒူဘိုင်းလေကြောင်းခရီးစဉ်များ ယာယီရပ်ဆိုင်းကြောင်း ကြေညာသည်။

အရှေ့အလယ်ပိုင်း ဒေသတွင်းရှိ နိုင်ငံအချို့က လေကြောင်းပိုင်နက်များကို တစ်ပြိုင်နက် ပိတ်သိမ်းလိုက်ခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) အနေဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ပျံသန်းမည့် ဒူဘိုင်းခရီးစဉ်အားလုံးကို ယာယီရပ်ဆိုင်းလိုက်ကြောင်း အရေးပေါ် သတင်းထုတ်ပြန်လိုက်သည်ဟု MAI က သတငးထုတ်ပြန်သည်။

MAI က ဒူဘိုင်းသို့ လေကြောင်းခရီးစဉ်ဖျက်သိမ်းမှုကြောင့် ထိခိုက်မှုရှိခဲ့သည့် ခရီးသည်များအတွက် လေကြောင်းလိုင်းက လေယာဉ်လက်မှတ် ရက်အပြောင်းအလဲပြုလုပ်ခြင်းကို (Seat availability ပေါ်မူတည်၍) တစ်ကြိမ်အခမဲ့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ခရီးသွားကိုယ်စားလှယ်များ သို့မဟုတ် Online Travel Agents များမှတစ်ဆင့် လက်မှတ်ဝယ်ယူထားသူများအနေဖြင့် သက်ဆိုင်ရာ ကိုယ် စားလှယ်များထံ တိုက်ရိုက်ဆက်သွယ် အကူအညီတောင်းခံရန် အကြံပြုကြောင်း ကြေညာသည်။

ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ၏ ဘေးကင်းလုံခြုံရေးကို အဓိကဦးစားပေးသောကြောင့် ယခုကဲ့သို့ ရပ်ဆိုင်းရခြင်းဖြစ်ပြီး နောက်ဆုံးရသတင်းများကို MAI ၏ တရားဝင်သတင်းစာမျက်နှာများတွင် စောင့်ကြည့်ရန် လိုအပ်ကြောင်း MAI က ထုတ်ပြန်ကြေညာသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article