ရန်ကုန်၊ မတ် ၁
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ပျူစောထီးများ လိုက်ပါလာသော ဖောကားကို ပစ်ခတ်ရာ ပျူစောထီး ခေါင်းဆောင် ဂျေမောင် အပါအဝင် ၂ ဦးသေဆုံးပြီး လက်နက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြို့ပြပြောက်ကျားတပ်ဖွဲ့ – အုတ်ဖို မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ရှမ်းရွာတွင်နေထိုင်သော ပျူစောထီး ခေါင်းဆောင် ဂျေကြီး (ခ) ဂျေမောင် ဦးဆောင်သော ပျူစောထီးများ လိုက်ပါလာသည့် ဖောကားကို သာလိကာရွာထိပ်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၄ မြို့ပြပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုမှ ရဲဘော်များက ရှောင်တခင် စစ်ဆေးစဥ် ကားရပ်မပေးဘဲ ခုခံပစ်ခတ်သောကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုအပြန်အလှန် ပစ်ခတ်မှုအတွင်း ပျူစောထီးခေါင်းဆောင် ဂျေကြီး(ခ)ဂျေမောင် နှင့် ပျူစောထီး ၁ ဦးတို့ နေရာတွင် သေဆုံးကာ ကျန်ပျူစောထီးများ ထွက်ပြေးသွားကြောင်း၊ တိုက်ခိုက်မှု အတွင်း ဖောကား ၁ စီး၊ သေနတ် ၁ လက်၊ G-3 ကျည် ၄၅တောင့်၊ လက်ပစ်ဗုံး ၁ လုံး နှင့် မိုလ်ဘိုင်းဖုန်း ၂ လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
” ဒီကောင်က PDF ရဲဘော်ကို သတ်ဖြတ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင်ပဲ သူ့အကိုက စစ်ဗိုလ် ရွာမှာ သေနတ်တကားကားနဲ့ သူက သင်တန်းဆင်းပြီးထဲက မီးရှို့ ပစ္စည်းယူ တိုက်ပွဲတိုင်းလိုလိုပါတယ်။ နတ်တလင်း ဆီစုံကုန်းရွာ၊ လက်ပံတန်း၊ ရေငံ၊ အုတ်ဖို ကြို့ကိုးပင်ရွာတွေမှာ မီးရှို့ပစ္စည်းယူပြီး ပြန်လည်ရောင်းချတာတွေ လုပ်နေတာ အိုးသည်ကုန်း ဂုံညင်းတန်းဂိတ်မှာလည်း အမြဲ ထိုင်တယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြို့ပြပြောက်ကျားတပ်ဖွဲ့ – အုတ်ဖို မှ တာဝန်ရှိသူက ပြောဆိုသည်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြို့ပြပြောက်ကျားတပ်ဖွဲ့ အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသည့် စစ်သား၊ ရဲနှင့် ပျူစောထီးများအပြင် ၎င်းတို့၏ ဒေါက်တိုင်များကိုပါ တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် မြို့ပြပြောက်ကျားတပ်ဖွဲ့ က အသိပေးပြောဆိုထားသည်။






