ရန်ကုန်၊ မတ် ၁
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် စစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂၁ ဦးထက်မနည်း သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ယနေ့ မတ်လ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန် မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာအနီးရှိ ကုန်ကားများ စုပြုံရပ်နားရာနေရာသို့ စစ်တပ်က လေကြောင်းမှ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ကုန်ကားများ စုပြုံရာနေရာသို့ တိုက်လေယာဉ် ၃ စီးဖြင့် ပေါင် ၂၀၀ နှင့် ပေါင် ၃၀၀ ရှိ ဗုံးအလုံးပေါင်း ၁၀ လုံးခန့်ကို ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ရော့ကက် (Rocket) များဖြင့်ပါ အဆက်မပြတ် ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ပျက်စီးမှု အလွန်များပြားခဲ့ကြောင်း သိရှိရသည်။
လက်ရှိအချိန်အထိ ကနဦးရရှိထားသော အချက်အလက်များအရ သေဆုံးသူ ၂၁ ဦး ထက်မနည်းရှိပြီး ဆက်လက်ရှာဖွေနေဆဲဖြစ်၍ အရေအတွက် တိုးလာနိုင်ကြောင်း၊ ဒဏ်ရာရသူ ၁၅ ဦး ရှိပြီး အချို့မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း သိရှိရသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအနေဖြင့် ဖောကား (Fuso) ၈ စီးနှင့် အခြားကုန်ပစ္စည်းများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ဒေသခံများက ဝိုင်းဝန်းကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အပျက်အစီးများကြားတွင် ပိတ်မိနေသူများ ရှိ၊ မရှိကိုလည်း ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရှိရသည်။






