31 C
Yangon

စစ်မီးအရှိန် မြင့်တက်လာမှုကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ အရေးပေါ်သတိပြုရန် စစ်ကော်မရှင်သံရုံးများက ကြေညာချက်ထုတ်

Must read

ရန်ကုန်၊ မတ် ၁

အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ဒေသတွင်း တိုက်ခိုက်မှုများ အရှိန်အဟုန်မြင့်တက်လျက်ရှိရာ အရှေ့အလယ်ပိုင်းဒေသရှိ မြန်မာနိုင်ငံသားများအနေဖြင့် အရေးမကြီးပါက ခရီးသွားလာခြင်း မပြုကြရန် ကူဝိတ်နိုင်ငံနှင့် ယူအေအီးနိုင်ငံရှိ မြန်မာသံရုံးများက အရေးပေါ်သတိပေးချက်များ ထုတ်ပြန်လိုက်သည်။

အထူးသဖြင့် ကူဝိတ်နိုင်ငံရှိ မြန်မာသံရုံးက ဒေသတွင်း လက်ရှိဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် အောက်ပါအချက်များကို အထူးဂရုပြု လိုက်နာကြရန် နှိုးဆော်ထားသည်-

အရေးပေါ်အဆင်သင့်ဖြစ်မှု: အရေးပေါ်အချက်ပေးသံများကို ဂရုစိုက်နားထောင်ပြီး ထုတ်ပြန်ချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး အသင့်ပြင်ထားရန်၊သတင်းစောင့်ကြည့်ရေး: ကူဝိတ်အစိုးရနှင့် မြန်မာသံရုံးတို့မှ ထုတ်ပြန်သော သတင်းအချက်အလက်များကို ပုံမှန်စောင့်ကြည့်ရန်၊အလုပ်ခွင်ဘေးအန္တရာယ်ကင်းရှင်းရေး: အလုပ်ချိန်အတွင်းဖြစ်ပါက မိမိတို့လုပ်ငန်းခွင်မှ ညွှန်ကြားသည့် အရေးပေါ်လုံခြုံရေးဆိုင်ရာ အချက်များကို တိကျစွာလိုက်နာရန်၊ စာရွက်စာတမ်းနှင့် အသုံးအဆောင်များ: မိမိတို့၏ နိုင်ငံကူးလက်မှတ်၊ အရေးကြီးစာရွက်စာတမ်းများ၊ ရေ၊ အစားအစာ၊ ဆေးဝါး၊ Power Bank နှင့် ကိုယ်ပိုင်အသုံးအဆောင်များကို အချိန်မရွေး သယ်ဆောင်နိုင်ရန် စုစည်းပြင်ဆင်ထားရန်၊ သွားလာမှုကန့်သတ်ရေး: အရေးမကြီးသော ခရီးသွားလာမှုများကို လုံးဝမပြုလုပ်ကြရန် သတိပေးချက်များ ထုတ်ပြန်သည်။

ထို့ပြင် ကူဝိတ်ပြည်သူ့ကာကွယ်ရေးဌာနမှ ထုတ်ပြန်ထားသည့် အရေးပေါ်အခြေအနေဆိုင်ရာ လမ်းညွှန်ချက်များကိုလည်း ဝဘ်ဆိုဒ် (https://www.moi.gov.kw/civildefense/en/safetyguide.aspx) တွင် ကြိုတင်လေ့လာထားကြရန် တိုက်တွန်းထားသည်။

အကယ်၍ အရေးပေါ်အကူအညီများ လိုအပ်ပါက ကူဝိတ်မြို့ရှိ မြန်မာသံရုံး ဖုန်း +965 25240736 သို့မဟုတ် အီးမေးလ် [email protected] သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ယခုကဲ့သို့ သတိပေးချက် ထုတ်ပြန်ရခြင်းမှာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အီရန်အဓိပတိ အလီခါမေနီ တီဟီရန်မြို့၌ အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် ကွယ်လွန်ခဲ့ပြီးနောက် ဒေသတွင်းစစ်ပွဲ အခြေအနေများ ပိုမိုပြင်းထန်လာနိုင်သည့်အတွက်ကြောင့် ဖြစ်ကြောင်း သိရှိရသည်။

အလားတူ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အတွင်း ရောက်ရှိနေထိုင်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဘေးကင်းလုံခြုံစွာ နေထိုင်ကြရန် အဘူဒါဘီမြို့ရှိ စစ်တပ်လက်အောက်ခံ မြန်မာသံရုံးက ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ညပိုင်း တွင် အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်သည်။

စစ်တပ်သံရုံး၏ ညွှန်ကြားချက်တွင် ဒေသတွင်း စစ်ရေးအခြေအနေများအရ မြန်မာနိုင်ငံသားများအနေဖြင့် လုံခြုံစိတ်ချရသော နေအိမ်များနှင့် အမိုးအကာများအောက်တွင်သာ နေထိုင်ကြရန်၊ မလို အပ်ဘဲ ပြင်ပသို့ သွားလာခြင်းနှင့် ခရီးသွားလာခြင်းများကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန်၊သက်ဆိုင် ရာ ဒေသအာဏာပိုင်များ၏ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရန်၊ ယူအေအီးအစိုးရက တရား ဝင်ထုတ်ပြန်သည့် သတင်းများနှင့် ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များမှ လမ်းညွှန်ချက်များကို အစဉ်မပြတ် စောင့်ကြည့်လိုက်နာရန် တိုက်တွန်းထားသည်။

ဓာတ်ပုံ- အီရန်၏ ပစ်ခတ်မှုကြောင့် အစ္စရေးနိုင်ငံတွင် ဒုံးကျည်များ ကျရောက်ပေါက်ကွဲနေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article