ရန်ကုန်၊ မတ် ၁
မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး အောင်လံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲဘော်ဟောင်းကျေးရွာမှနေ၍ ဒါးစမ်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် တချို့ ပျက်စီးခဲ့ပြီး ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“စစ်ခွေး လက်နက်ကြီးနဲ့ ပစ်နေတာ ပေါက်ကွဲသံ ၅ ချက်လောက်ကြားရတယ်။ ပတ်ဝန်းကျင် ကျေးရွာနေ ပြည်သူများကလည်း ပြေးနေရပြီ စစ်ခွေးတွေ စစ်ကြောင်းထိုးလာရင် တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်လို့ ရွာလုံးကျွတ် တိမ်းရှောင်နေရကြတယ်” ဟု ဒေသပြည်သူများကပြောဆိုသည်။
ထို့ပြင် ကရင်နီပြည်နယ်၊ လွိုင်လင်လေးမြို့နယ် ကျေးရွာများကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၅ လက်နှင့် စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
၂၀၂၅ ခုနှစ် နိုင်ဝင်ဘာလ ၃၀ ရက်နေ့တွင် လွိုင်လင်လေးမြို့နယ်၊ လင်ဖုန်ကြီးကျေးရွာကို ထိုးစစ်ဆင်နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လင်ဖုန်ကြီးကျေးရွာအနီးတွင် တော်လှန်ရေး ရဲဘော်များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးကာ ၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေနတ် ၅လက်နှင့် စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေးစစ်ကြောင်းနဲ့ လင်ဖုန်ကြီးကျေးရွာအနီးမှာ ကျွန်တော်တို့ မဟာမိတ် ပူးပေါင်း အဖွဲ့တွေနဲ့ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။ စစ်ခွေး ၄ကောင်သေတယ်။ စစ်ခွေး ၃၀ ကောင် ထိခိုက်ဒဏ်ရာရတယ်။ သေနတ် ၅ လက်နှင့် စစ်အသုံးဆောင်ပစ္စည်းတွေလည်း ရတယ် “ဟု တော်လှန်ရေးသတင်းရင်းမြစ်ကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Kndf (ka) ၊ p3-9703 (အရှေ့ရိုးမပြောက်ကျားတပ်) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။






