ရန်ကုန်၊ မတ် ၂
ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ် ကျေးရွာများကို စစ်ကြောင်းထိုးထွက်လာသော အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၂၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း P3-9703 အရှေ့ရိုးမပြောက်ကျားတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၂နာရီ ၃၀ မိနစ်ခန့်တွင် ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ဒေသမှ ကျေးရွာများကို စစ်ကြောင်းထိုးရန် ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့ကို တော်လှန်ရေး တပ်ဖွဲ့များက ဆီဆိုင်မြို့နယ် တနေရာတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂၀ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးနဲ့ PNO အဖွဲ့တွေ ဆီဆိုင်မြို့နယ် နောင်ထောဝ် ကနေထွက်လာတဲ့ အင်အား ၅၀၀ ခန့် စစ်ခွေးနဲ့ PNO တွေကို ကျွန်တော်တို့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီပွဲမှာ စစ်ခွေး ခန့်မှန်းခြေ ၂၀ကောင် သေဆုံးတယ်။ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်။ စစ်ခွေး အရှင်ဖမ်းတာမျိုးမရှိပါဘူး။ သူတို့က လူအင်အား အဆမတန်နဲ့ ထိုးလာကြတာပါ။ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်နိုင်ပါတယ် “ဟု P3-9703အရှေ့ရိုးမပြောက်ကျားတပ် အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို P3-9703(အရှေ့ရိုးမပြောက်ကျားတပ်) နှင့် PNLA တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
အလားတူ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးလာသော အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက် လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်ခန့်အချိန် ပေါင်းတည်မြို့နယ်၊ အဂ္ဂရာပြည့်ကွက်သစ် ကုန်းဆင်းရွာတွင် ရောက်နေသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူ ၂ ဦးကို ပေါ်တာဆွဲဖမ်းဆီးပြီး ခမရ ၁၀ တပ်ရင်းသို့ ဆိုင်ကယ် ၅ စီးဖြင့် ပြန်လည် ပို့ဆောင်စဉ် တော် လှန်ရေး ရဲဘော်များက မိုင်းကွင်း ၂ ကွင်းဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုမိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။
“ကျနော်တို့ ရဲဘော်တွေ မိုင်းဆွဲ တိုက်ခိုက်တာက စစ်ခွေး ၁ ကောင်သေဆုံးတယ်။ ဒီကောင်တွေက လူငယ် ၂ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ခမရ ၁၀ တပ်ရင်းထဲကို ဆိုင်ကယ် ၅ စီးနဲ့ သွားရောက် ပို့ဆောင်တဲ့ အချိန်ကို စောင့်ပြီးတော့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ စစ်ခွေးတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာတွေရှိပေမယ့် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ ၂၁ ကွပ်ကဲမှု အောက်ရှိ ပြည်ခရိုင်တပ်ရင်း (၁) တပ်ခွဲ (၄) နှင့် တပ်ခွဲ (၅) တို့မှ ရဲဘော်များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။





