ရန်ကုန်၊ မတ် ၂
မကွေးတိုင်း၊ ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ရိက္ခာယာဉ်တန်းများ ထွက်ခွာနိုင်ရန် အကြမ်းဖက် စစ်တပ်က ဆိပ်ဖြူမြို့နယ် အတွင်း စတင်စစ်ကြောင်းထိုးပြီး လမ်းပိုင်းရှင်းလင်းရေး စတင်လုပ်ဆောင်နေကြောင်း ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မတ် ၁ ရက်နေ့က စတင်ပြီး အကြမ်းဖက် စစ်တပ်၏ ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်ခွာလာသော စစ်ကား ၂၇ စီးပါ ယာဥ်တန်းသည် ဆိပ်ဖြူမြို့နယ်သို့ ရောက်ရှိလာပြီးနောက် ယနေ့ မတ်လ ၂ ရက်နေ့က စတင်ပြီး ပေါက်-ပခုက္ကူ လမ်းပိုင်းနှင့် ဆိပ်ဖြူ-ပေါက် လမ်းပိုင်းများကို တပ်ဖြန့်၍ ရှင်းလင်းရေး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
“ဆိပ်ဖြူနယ်ထဲမှာတော့ တိမ်းရှောင်ရတာမရှိသေးပါဘူး။ ကပစ ၂၂ နဲ့ ဆိပ်ဖြူကွင်းနဲ့ကျတော့ သူတို့က သွားလာနေတာဆိုတော့ ပြည်သူနေတဲ့နေရာတွေကို စစ်ခွေးတွေ စစ်ကြောင်း မဝင်လာနိုင်အောင်ကာထားရတာဆိုတော့ ဘေးရွာတွေကို စစ်ခွေးတွေ မရောက်သေးဘူး။ ဒီလမ်းပိုင်းပေါ်တွေမှာပဲသွားလာနေကြတာ စစ်ခွေးအင်အားကတော့ ခန့်မှန်း ၃၀၀ လောက် ရှိတယ်။ အခုထိ ရှိနေသေးတယ်။ အဲ့လို လှုပ်ရှားနေတာတော့ရှိတယ်။ ရိက္ခာတင်တဲ့ ယာဉ်တန်းကတော့ လုံးလုံးမရောက်သေးဘူး။ ပခုက္ကူ ၁၀၁ ကနေမှ ပေါက်-ပခုက္ကူ လမ်းပိုင်းကို အသုံးပြုနိုင်တဲ့ အတိုင်းတာရှိနေတာကြောင့် ကျနော်တို့ သုံးသပ်ရာတာက နေရာပေါင်းစုံပေါ့နော် အဲနေရာတွေမှာလည်း ကျနော်မိုင်းတာဝန်ယူထားတာဆိုတော့ အခုချိန်မှာလည်း အဲ့လမ်းပိုင်းကို ပိတ်ဆို့ထားတာတွေလည်းရှိတယ်။ ပေါက်-ပခုက္ကူလမ်းပိုင်းနဲ့ ဆိတ်ဖြူ-ပေါက်လမ်းပိုင်းတွေကို မသွားဖို့နဲ့ ကျေးရွာကတာဝန်ရှိသူတွေနဲ့ နယ်မြေတာဝန်ခံကနေပြီး ကန့်သတ်ထားတဲ့နယ်မြေတွေကို မသွားဖို့ ပြောချင်ပါတယ်” ဟု ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF မှ ကိုကျားဇိုးက ရှင်းပြသည်။
ထိုသို့ လမ်းပိုင်းရှင်းလင်းရေး လုပ်ဆောင်ပြီးနောက် ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာမည့် အကြမ်းဖက် စစ်တပ်၏ ရိက္ခာ ယာဉ်တန်းများ အင်အား အလုံးအရင်းဖြင့် ဆိပ်ဖြူမြို့နယ်နှင့် ပေါက်မြို့နယ် အတွင်း ဝင်ရောက် လာနိုင်သောကြောင့် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းကွင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
ထို့ကြောင့် မိုင်းကွင်း အမြောက်အများရှိနေသည့် ပေါက်-ပခုက္ကူ လမ်းပိုင်းနှင့် ဆိပ်ဖြူ-ပေါက် လမ်းပိုင်းများကို ပြည်သူများ လုံးဝ အသုံးပြု သွားလာခြင်းမပြုလုပ်ကြရန်နှင့် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များကို အသိပေးခြင်းမရှိဘဲ သွားလာမှုများ ပြုလုပ်ပါက အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ကိုကျားဇိုးက ဆက်လက်ပြောဆိုသည်။
“ကန့်သတ်ထားတဲ့ မိုင်းနယ်မြေတွေကို သွားရင် ပြည်သူတွေ မိုင်းမိတာမျိုးနဲ့ တစ်ခုခု ဖြစ်သွားမှာဆိုးတဲ့အတွက်ကြောင့် ကြိုတင်ကာကွယ်နိုင်အောင် ကျနော်က သတင်းထုတ်ပြန့်ထားတာပါ။ အမှန်တကယ်ကတော့ မသွားစေချင်တဲ့ အတိုင်းအတာပေါ့နော်။ ဒဏ်ငွေတွေပါတယ်။ အပြစ်ဒဏ်ပေးမယ်ဆိုတာက ကျနော်တို့က မသွားစေချင်လို့ ပြည်သူတွေ မဝင်ဖို့ရန်အတွက် စစ်ရေးတွေအရ အခြေနေတွေမှာ မိုင်းကာထားရတာမျိုးကြောင့် စစ်ကြောင်း အခြေနေတွေကြောင့်ပါ။ ဒီနေ့ ကပစ ၂၁ ကနေပြီးတော့ စစ်ကား ၁၁ စီး၊ ကပစ ၂၂ ကနေမှ ၂ စီးနဲ့ ၁၀ မိုင်ကုန်းနားမှာက ၁၄ စီးရောက်နေတယ်။ jammer ကား ၃ စီး၊ ခြတောင်ရွာ ဘေးနားမှာက ၂ စီး သူတို့ကင်းပုန်းတွေ လာဝပ်နေတာရှိတယ်။ စစ်ခွေးတွေဘက်က ဒရုန်းတွေလည်း ဝဲနေတယ်။ အခုလက်ရှိ ဆိပ်ဖြူ ၁၀ မိုင်ဂိတ်မှာလည်း စစ်ကား ၁၀ စီးက ဆိပ်ဖြူ ဘောလုံးကွင်းထဲကို သွားပြီး စစ်ခွေးတွေကို ကြိုဖို့ စောင့်နေတာရှိတယ်။ အဲတာတွေကြောင့် ပြည်သူတွေ တစ်ခုခုဖြစ်မှာဆိုးလို့ မိုင်းသတင်းကို ထုတ်ပြန်ထားတာပါ” ဟု ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF မှ ကိုကျားဇိုးက ဆက်လက် ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ ကားအစီးရေ ၉၀ ကျော်ပါ ရိက္ခာ ယာဉ်တန်းသည်လည်း ပခုက္ကူ တပ်မ ၁၀၁ အတွင်းရှိနေပြီး မည်သည့်အချိန်၌ ထွက်ခွာလာမည်ကို ဆက်လက် စောင့်ကြည့်နေဆဲဖြစ်ကြောင်း၊ ထို ရိက္ခာများသည် ပေါက်မြို့နယ် ကပစ ၂၄ သို့ ထွက်ခွာလာနိုင်ကြောင်း သိရသည်။
ထိုသို့ ရိက္ခာယာဉ်တန်းများ ထွက်ခွာလာပါက အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လေကြောင်း တိုက်ခိုက်ခြင်းများ ပြုလုပ်လေ့ရှိသောကြောင့် ပြည်သူများ သတိပြုနေထိုင်ကြရန် တော်လှန်ရေး တပ်ဖွဲ့များက အသိပေး ထုတ်ပြန်ထားသည်။




