ရန်ကုန်၊ မတ် ၂
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်နည်းပညာတက္ကသိုလ် – GTC ရှေ့တွင် ဆက်ကြေးကောက်နေသာ စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ ထားဝယ်နည်းပညာတက္ကသိုလ် (GTC) အရှေ့တွင် ခရီးသွားပြည်သူများထံမှ အတင်းအမ္မ ငွေကြေး ကောက်ခံနေသော စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှုအတွင်း စစ်သား ၃ ဦး သေဆုံးပြီး MA-1 အမျိုးအစား သေနတ် ၂ လက်၊ G-3 အမျိုးအစား သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ G-3 ကျည် ၁၀၀ တောင့်၊ MA ကျည် ၁၀၀ တောင့်၊ MA ကျည်ဘောက် ၅ ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
“အဲတိုက်ခိုက်မှုမှာ စစ်ခွေး ၃ ကောင်သေဆုံးပြီးတော့ လက်နက် ၃ လက်ရပါတယ်။ ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ဒူရကစစ်ကြောင်း မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ် ခွာနိုင်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးအရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နေသောကြောင့် ပြည်သူများ အနေဖြင့် စစ်ရေးအထူး သတိပြုသွားလာနေထိုင်ကြရန်နှင့် လေကြောင်းရန် ကာကွယ်ရေးနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များ လိုက်နာကြပါရန်၊ စစ်သားနှင့် ရဲများပြည်သူ့ရင်ခွင်ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းကြပါရန် ဒူရကစစ်ကြောင်းက တိုက်တွန်းထားသည်။




