27 C
Yangon

ပုလဲတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PDF တပ်များ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးများဖြင့်လည်း ဆက်လက် ဗုံးကျဲ တိုက်ခိုက်နေ

Must read

ရန်ကုန်၊ မတ် ၂

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်များ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးများဖြင့်လည်း ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသစစ်ရေးသတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ပုလဲမြို့နယ် အတွင်းရှိ နွယ်အင်းရွာနှင့် ချင်ပျစ်ရွာ ဘက်ကို စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲများနေ့စဉ် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၍ လေကြောင်းဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ မတ်လ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ပုလဲမြို့နယ် နှင့် ယင်းမာပင်မြို့နယ် အစပ်ကို ဂျက်ဖိုက်တာဖြင့် ၄ လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ထိခိုက်မှု ရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

အလားတူ ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က Y-12 ၁ စီးဖြင့် ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးရွာကို လက်နက်ခဲယမ်း ရိက္ခာများ လာရောက် ကျဲချပို့ဆောင်ခဲ့ကြောင်းသိရသည်။

ထို့ပြင် ယမန်နေ့ မတ်လ ၁ ရက်နေ့ကလည်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသော နွယ်အင်းရွာနှင့် ချင်ပျစ်ရွာ အနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးများဖြင့် ဓာတုဗုံးဟု ယူဆရသော အရာများဖြင့် ကျဲချတိုက်ခိုက်ခဲ့သောကြောင့် တော်ိလှန်ရဲဘော်တချို့ မျက်စိစပ်ခြင်း၊ မူးဝေခြင်းနှင့် အော့အန်ခြင်း ဝေဒနာများ ခံစားရပြီး ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရှိရသည်။

“ဗုံးကျဲတာတော့ ဟုတ်ပါတယ် အထိအခိုက်တော့ မသိရသေးဘူး။ မနေ့က ပါရာမော်တာနဲ့ချတာက ဗုံးက အဆိပ်ငွေ့ဗုံးလို့ ယူဆရတယ်။ ရဲဘော်တွေက ပြောတယ်။ မျက်စိတွေစပ်တယ်။ ခေါင်းတွေ မူးတယ်လို့ပြောတယ်။ စစ်ခွေးတွေ စစ်ကြောင်းထိုးနေတာက နွယ်အင်းရွာနဲ့ ချင်ပျစ် တဝိုက်မှာပဲ အဲ့ပတ်လည်ကိုပဲ ခွေးတွေက နေ့တိုင်းကျဲနေတာ ထိတွေ့ တိုက်ပွဲမှာ သူတို့ အထိနာပြီး ထွက်ပေါက်မရှိ ဖြစ်နေပုံရတယ်။ သူတို့ စစ်ကြောင်းထိုးနေတဲ့ ပတ်လည်ကလည်း တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားတော့ ထွက်ပေါက်ရှာပုံရတယ်။ ဒီနေ့ စစ်ခွေးတွေ Y-12 ၁ စီးနဲ့ ဇီးဖြူကုန်း ပျူရွာကို ခဲယမ်းရိက္ခာတွေ ချပေးသွားတယ်။ နောက်ပြီး ပုလဲနဲ့ ယင်းမာပင် အစပ်ကိုလည်း ဂျက်ဖိုက်တာ ၄ စီးနဲ့ လေကြောင်း တိုက်ခိုက်သွားတယ်။ တိုက်ပွဲတွေထဲမှာ စစ်ခွေးတွေ တော်တော်အထိနာနေတယ်လို့ ယူဆရတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း (ခေါ်) နဂါးသည် လက်နက်ခဲယမ်းများနှင့် အတူ အကြမ်းဖက် စစ်တပ်နှင့် သွားရောက်ပူးပေါင်းပြီးနောက် စစ်တပ်က ပုလဲမြို့နယ် အတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article