ရန်ကုန်၊ မတ် ၃
မြန်မာနိုင်ငံတွင် စစ်အာဏာရှင် သက်ဆိုးရှည်စေမည့် တော်လှန်ရေးအဖွဲ့အချင်းချင်း လက်နက်ကိုင်ဖြေရှင်းမှုကို ပြတ်သားစွာကန့်ကွက်ကြောင်း ယမန်နေ့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗဟိုစည်းရုံးရေးကော်မတီက ကြေညာချက်ထုတ်သည်။
ယမန်နေ့ထုတ်ပြန်လိုက်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ၏ ထုတ်ပြန်ချက်တွင် တော်လှန်ရေးအင်အားစုများအတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို လက်နက်ဖြင့် အဖြေရှာနေခြင်းအပေါ် ပြင်းထန်စွာ ဝေဖန်ကန့်ကွက်လိုက်ပြီး “ဘုံရန်သူ” ကိုသာ ဦးတည်တိုက်ခိုက်ကြရန် အလေးအနက် တိုက်တွန်းသည်။
၁၉၄၈ ခုနှစ်မှစတင်ခဲ့သည့် လက်နက်ကိုင်တော်လှန်ရေး သမိုင်းတစ်လျှောက်တွင် တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း တိုက်ခိုက်ခဲ့မှုများကြောင့် အဖိုးတန်ရဲဘော်များစွာ အလဟဿ ကျဆုံးခဲ့ရဖူးကြောင်း၊ ထိုသို့ ဖြစ်ခြင်းသည် တော်လှန်ရေးအတွက် အရှုံးဖြစ်ပြီး ရန်သူစစ်အုပ်စုအတွက်သာ အမြတ်ထွက်စေကာ ပြည်သူလူထုသာ နစ်နာရကြောင်း ဗကပ က ထောက်ပြထားသည်။
တော်လှန်ရေးအဖွဲ့အချင်းချင်းကြား ဖြစ်ပွားသည့် အားပြိုင်မှုများသည် “မိတ်ဖက်ပဋိပက္ခ” သာဖြစ်ပြီး ရန်သူနှင့်တိုက်သည့် “ရန်-ငါပဋိပက္ခ” ကဲ့သို့ သဘောမထားသင့်ကြောင်း၊ လက်နက်အားကိုးဖြင့် ဖြေရှင်းခြင်းသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ကူညီပေးနေခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
ဗမာပြည်ကွန်မြူနစ်ပါတီက ဘုံရန်သူကိုသာ ဦးတည်ရန် တိုက်တွန်းပြီး စစ်အုပ်စု၊ စစ်အစိုးရနှင့် စစ်ဗျူရိုကရေစီယန္တရား (စစ်သုံးစစ်) ကို အမြစ်ဖြတ်ရန်သာ အဓိကထားရမည်ဖြစ်ကြောင်း၊ မတူကွဲပြားသည့် အဖွဲ့အစည်းများစွာ ရှိနေခြင်းသည် တော်လှန်ရေးအင်အားကြီးမားခြင်းဖြစ်ပြီး ထိုအင်အားစုများ စုစည်းညီညွတ်မှသာ အောင်ပွဲရမည်ဖြစ်ကြောင်း၊ စူပါပါဝါနိုင်ငံများက ဗိုလ်ကျစိုးမိုးရန် ကြိုးပမ်းနေသည့် ကမ္ဘာ့အခြေအနေတွင် မိမိတို့အချင်းချင်း ဒုတိယရန်သူမမွေးဘဲ ပိုမိုညီညွတ်ကြရန် လိုအပ်ကြောင်း၊ ရန်သူ့ထံ လက်နက်ချ အညံ့ခံသည့် မည်သည့်အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်ကိုမဆို တော်လှန်ရေး၏ “အမဲကွက်/အညစ်အကြေး” အဖြစ်သာ သတ်မှတ်မည်ဖြစ်ကြောင်း ၊အဖွဲ့အစည်းအားလုံး တန်းတူ ရည်တူရှိပြီး အပြန်အလှန်ကူညီသည့် စိတ်ဓာတ်ထွန်းကားလာစေရန် ဗကပ က ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်သည်အထိ မလျှော့သော ဇွဲ၊ နဘဲဖြင့် နောက်မဆုတ်စတမ်း ဆင်နွှဲသွားကြရန် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗဟိုစည်းရုံးရေးကော်မတီက တော်လှန်ရေးအင်အားစုအားလုံးကို တိုက်တွန်းနှိုးဆော်ထားသည်။




