34 C
Yangon

ဖောင်းပြင်တွင် တပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ အလင်းဝင်၊ သိန်း ၅၀ ချီးမြှင့်ပြီး စစ်တပ်ကို ပြန်လည်တိုက်ခိုက်မည်ဟုဆို

Must read

ရန်ကုန်၊ မတ် ၃

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်ရှိ စစ်တပ်စခန်းတစ်ခုမှ တပ်ကြပ်အဆင့်ရှိသူတစ်ဦးက လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံသို့ အလင်းဝင်ရောက်လာပြီး စစ်တပ်ကို ပြန်လည်တိုက်ခိုက်သွားမည်ဟု ပြောကြားကြောင်း မော်လိုက်ခရိုင် အမှတ်-၃ တပ်ရင်းထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဖောင်းပြင်မြို့နယ်၊ အင်းဝိုင်းရွာလမ်းဆုံရှိ စစ်တပ်စခန်းတွင် တာဝန်ကျနေသည့် တပ်ကြပ် ဟိန်းမင်းထက်သည် MA-3 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံးနှင့် ခဲယမ်းများ ယူဆောင်လာကာ မော်လိုက်ခရိုင် အမှတ်-၃ တပ်ရင်းထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် လဟယ်မြို့အခြေစိုက် ခလရ-၂၇၂ တပ်ရင်းမှ ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ရင်ခွင် ခိုလှုံလာသူ တပ်ကြပ် ဟိန်းမင်းထက်က ၎င်းအနေဖြင့် မတရားဗိုလ်ကျမှုများ၊ မီးရှို့လူသတ်မှုများနှင့် ရာဇဝတ်မှုများကို အကြိမ်ကြိမ် ကျူးလွန်နေသော စစ်တပ်တွင် ဆက်လက်တာဝန်မထမ်းဆောင်လိုတော့သဖြင့် ပြည်သူနှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“ပြည်သူ့အာဏာကို မတရားသိမ်းယူပြီး ရာဇဝတ်မှုတွေ ကျူးလွန်ကာ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို ပြည်သူတွေနဲ့ ပူးပေါင်းပြီး ပြန်လှန်တိုက်ခိုက်ချင်ပါတယ်” ဟု ၎င်းက မော်လိုက်ခရိုင် အမှတ်-၃ တပ်ရင်းသို့ ပြောကြားသည်။

လက်ရှိတွင် လက်နက်နှင့်တကွ အလင်းဝင်လာသည့် တပ်ကြပ် ဟိန်းမင်းထက်ကို မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းမှ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၅၀ ကို ချက်ချင်းပေးအပ်ခဲ့သည်။

ထို့အပြင် နိုင်ငံတော်အဆင့်မှ ထပ်မံဂုဏ်ပြုထောက်ပံ့နိုင်ရန်အတွက်လည်း အဆင့်ဆင့် တင်ပြဆောင် ရွက်နေကြောင်း သိရသည်။

မော်လိုက်ခရိုင် အမှတ်-၃ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက “သူက ချိတ်ဆက်ဝင်ရောက်လာတာပါ။ လဟယ်အခြေစိုက် ခလရ ၂၇၂ က တပ်ကြပ်အဆင့်ရှိသူ ဖြစ်ပါတယ်။ အချိန်မနှောင်းခင် ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့အတွက် ကျွန်တော်တို့ တပ်ရင်းက ရင်းနှီးနွေးထွေးစွာ ကြိုဆိုပါတယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်အတွင်း၌ မတရားမှုများကြောင့် စိတ်ပျက်ကာ ပြည်သူ့ဘက်သို့ ကူးပြောင်းလာသည့် စစ်သည်အရေအတွက်မှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article