ရန်ကုန်၊ မတ် ၃
ကရင်နီပြည်၊ ဖားဆောင်းမြို့သို့ ရောက်ရှိနေသော စစ်တပ်စစ်ကြောင်းက မော်ချီးဒေသဘက်သို့ ဆက်လက် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသောကြောင့် အချို့ပြည်သူများ ကြိုတင်စစ်ဘေးရှောင် နေကြရကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ – IEC အထွေထွေအတွင်းရေးမှူး ၂ ဗညားခွန်းအောင်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော စစ်ကော် မရှင်တပ်က မော်ချီးဒေသဘက်သို့ စစ်ကြောင်းထိုးရန် ပြင်ဆင်မှုများရှိပြီး ဖားဆောင်းမြို့အနီးပတ် ဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားခြင်းနှင့်အတူ စစ်ကော်မရှင် တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများရှိသောကြောင့် ဖားဆောင်းမြို့အနီးနှင့် မော်ချီးဒေသ ရှိ ပြည်သူအချို့ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
“ဖားဆောင်းကနေ ထွက်ဖို့တော့ ကြိုးစားနေတာရှိတယ်။ အင်အား တစ်ရာနှစ်လောက်ပါပဲ။ ဖား ဆောင်းနဲ့နီးတဲ့ တစ်ချို့လမ်းပိုင်းကတော့ စစ်ရှောင်သွားကြပြီ။ ဖားဆောင်းမရောက်ခင် တချို့ နေရာ မှာ စစ်ဘေးရှောင်နည်းနည်းပါးပါးတော့ရှိပါတယ်။ အဲဒါကတော့ သူတို့လုံခြုံတဲ့နေရာကို ဆက်သွား တာမျိုးရှိပါတယ်။ မော်ချီးဘက်မှာ သီးသန့်ရှောင်နေရတာမျိုးတော့မရှိသေးဘူး။ ဟိုတလော ဗုံးကျဲ တုန်းကတော့ တစ်ချို့ရှောင်ရတာရှိတယ်။ မော်ချီးနဲ့ဖားဆောင်းလမ်းပိုင်းတချို့ နေရာမှာပေါ့။ ဖား ဆောင်းနဲ့နီးတဲ့တချို့နေရာကတော့ ရှောင်သွားတာရှိတယ်။ အခုချိန် သူတို့ အခက်အခဲစိန်ခေါ်မှုက တော့ မကြားရသေးဘူး။ အဲဒီဒေသကလည်း စစ်ခဏခဏ ရှောင်တော့ အတွေ့အကြုံပိုရှိလာတယ်လို့ ပြောရမယ်ထင်တယ်။ တချို့ကလည်း ကြိုပြီးရှောင်တဲ့ အတွက်ကြောင့် လောလောဆယ်ကတော့ အဆင်ပြေကြတယ်ထင်ပါတယ်။ တကူးတက သီးသန့် တောင်းဆိုမရရှိသေးဘူး” ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ – IEC အထွေထွေအတွင်းရေးမှူး ၂ ဗညားခွန်းအောင်က ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ဖားဆောင်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖား ဆောင်းမြို့နှင့် မယ်စဲ့မြို့နယ်ကို ဆက်သွယ်ထားသည့် သံလွင် မြစ်ကူးတံတားကို မိုင်းခွဲဖျက်ဆီးခံရ ပြီး တံတားထပ်ပိုင်း ကျိုးပဲ့ပျက်စီးခဲ့ကြောင်း၊ အလားတူ ဖေဖော်ဝါရီလ ၂၅ ရက်နံနက်ပိုင်းကလည်း ထပ်မံ မိုင်းခွဲဖျက်ဆီးခံရပြီး တံတား၏ အနောက်ဖက် ရေလည်တိုင် တိုင်အမှတ် P-5 နှင့် P-7 တို့ အကြား အရှည် ၃၀၀ ပေ၊ အကျယ် ၂၄ ပေခန့် ပြိုကျပျက်စီးခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန် ထားသည်။




