ရန်ကုန်၊ မတ် ၃
မကွေးတိုင်း၊ အောင်လံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၃ ရက်ဆက်တိုက် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ကျေးရွာ ၆ ခုမှ ပြည်သူ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အောင်လံလူထုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၁ ရက်နေ့ အောင်လံမြို့နယ်၊ မှန်ပြတောင်ရှိ အကြမ်းဖက် စစ်တပ်၏ ကပစ ၇ တပ်က လက်နက်ကြီး ၂၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဒါးစမ်းကျေးရွာအတွင်းသို့ ကျည် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ယင်းပစ်ခတ်မှုကြောင့် ကျေးရွာ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင် ၁ ခုအပါအဝင် နေအိမ် ၂၈ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် မတ်လ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း ဘွက်ကြီးတံတားအနီး၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်က စီရွာသို့ လက်နက်ကြီးများဖြင့် ၃ ချက်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုပစ်ခတ်မှုအတွင်း စီရွာပြင်ပသို့ လက်နက်ကြီး ၁ နှင့် စီရွာအနောက်ဘက်သို့ လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
အလားတူ ယနေ့ မတ်လ ၃ ရက်နေ့ နံနက် ၉ နာရီခန့်အချိန်တွင်လည်း ကန်စွန်းအင်းကျေးရွာဘက်သို့ အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၈ လုံး ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်သားများသည်လည်း ဘွက်ကြီးတံတားနားရှိ ခရီးသွားကားများကိုလည်း တားဆီးစစ်ဆေးနေကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများဖြင့် နေ့စဉ် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဆင်တုတ် (ချင်းကုန်းကြီး)၊ အင်းတော်သာ၊ အင်းရွာကြီး၊ ဒါးစမ်း၊ ကန်စွန်းအင်းနှင့် ကျောက်ဆောင်းရွာ အပါအဝင် ကျေးရွာ ၆ ခုမှ ပြည်သူ ၃၀၀၀ ခန့်သည့် ဘေးလွတ်ရာ ထွက်တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စစ်ကော်မရှင်က တော်လှန်ရေးစိုးမိုးနယ်မြေတွေကို စစ်ကြောင်းမထိုးရဲဘဲ အခုလို အဝေးကနေပြီး စစ်ဆင်ရေးတစ်ရပ်အနေနဲ့ ထိုးစစ်ဆင်နေတယ်လို့သိထားတယ်။ မကြာခင် မြေပြင်စစ်ကြောင်းထိုးမယ်လို့သိထားတယ်။ ပြည်သူလူထု အနေနဲ့ ကာကွယ်ရေးတပ်များရဲ့ လမ်းညွှန်ချက်တွေ လိုက်နာပြီး ဗုံးခိုကျင်းတွေတူးထားဖို့တိုက်တွန်းချင်ပါတယ်” ဟု အောင်လံလူထုအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ထိုသို့ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ် တိုက်ခိုက်နေသည့် ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က မြေပြင်မှ စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းကြောင့် ပြည်သူများအနေဖြင့် ကျေးရွာများအတွင်း ပြန်လည် ဝင်ရောက် နေထိုင်ခြင်းမပြုလုပ်ရန် တော်လှန်ရေး အင်အားစုများက အသိပေး မေတ္တာရပ်ခံထားကြောင်း သိရသည်။
စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့် ကျေးရွာများသို့ ဒရုန်းများဖြင့် ကင်းထောက်မှုများ နေ့စဉ် လုပ်ဆောင်နေကာ ယနေ့ မတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း အောင်လံမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီး ဖြတ်သန်း ပျံသန်းသွားကြောင်း သိရှိရသည်။
“အောင်လံမြို့နယ်ထဲက ဒါးစမ်း၊ စီရွာ၊ လက်ပန်လှနဲ့ ကန်ဇွန်းအင်းရွာ ဘက်တွေကို မတ်လ ၁ ရက်နေ့ကစပြီး စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ် တိုက်ခိုက်နေတာပါ။ ရွာအစဉ်လိုက်ကို ဆက်တိုက် ပစ်ခတ် တိုက်ခိုက်နေတာ ပြည်သူတွေ ထိခိုက်တာတော့ မရှိသေးဘူး။ ဒီနေ့ ပစ်တာ ကန်ဇွန်းအင်းရွာ တောင်ဘက်ကို ၁ လုံး၊ လက်ပန်လှရွာမြောက်ဘက်ကို ၁ လုံးကျတယ်လို့ ကြားတယ်။ အနီးနားရွာတွေက အကုန်ရှောင်ပြေးနေရတယ်။ နောက်နေ့တွေလည်း ပစ်ဖို့ အလားအလာတွေများတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ရဲဘော်ဟောင်းကျေးရွာနှင့် ထိန်အင်းရွာ အနောက်ဘက်တွင်လည်း ပြည်-အောင်လံ မြို့နယ် အစပ်ထိ အထိုင်ချထားသော အင်အား ၅၀ ခန့်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အနီးအနားရှိ ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ပြည်သူများ နေထိုင်သော ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။)




