ရန်ကုန်၊ မတ် ၃
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၂ ခုကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း Wetlet Informational Network ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။
မတ်လ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ သစ်ဆိပ်ရွာနှင့် ကူကြီးရွာ အတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပျက်စီးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ပြည်သူများလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
“ဝက်လက် အရှေ့ခြမ်းကို စစ်ကြောင်းထိုးပြီး ရောက်နေတဲ့ စစ်ခွေးတွေက သစ်ဆိပ်ရွာနဲ့ ကူကြီးရွာက နေအိမ်တွေကို မီးရှို့တာ နေအိမ်ဘယ်လောက် မီးလောင်ပြာကျတယ်ဆိုတာတော့ မသိသေးဘူး။ စစ်ခွေး စစ်ကြောင်းက ရှိနေတုန်းပဲ ပြည်သူတွေလည်း တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ စတင်ပြီး ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ထုံးဘိုရွာ ၊ ရှားကွဲရွာ ၊ ရေဂမိုးရွာ ၊ ရွာသစ်ရွာ ၊ လှေပိုဆိပ်ရွာ နှင့် သစ်ဆိပ်ရွာတို့၌ တပ်ဖြန့်ကာ တပ်စွဲထားသောကြောင့် ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ပတ်ပတ်လည်ကိုလည်း အကြမ်းဖက် စစ်တပ်က အင်အား အရင်းဖြင့် စစ်ကြောင်းထိုးပြီး တပ်ဖြန့်ထားသောကြောင့် ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ စတင်ပြီး စစ်ကိုင်းမြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က ရေကြောင်းဖြင့် စစ်အင်အား ဖြည့်တင်းပြီး မုံရွာ နမခ မှလည်း စစ်အင်အား အမြောက်အများ ပို့ဆောင်၍ စစ်ကိုင်းမြို့ ပတ်ပတ်လည်ကို စစ်ကြောင်းထိုးပြီး တပ်ဖြန့်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် တပ်ဖြန့်ထားသောကြောင့် စစ်ကိုင်းမြို့ အနီးရှိ ကျေးရွာများမှ ပြည်သူများ အပါအဝင် မြို့နယ်အစပ်ရှိ ရွာများမှ ပြည်သူများပါ ဘေးလွတ်ရာ တိမ်းရှောင်နေရခြင်းဖြစ်ပြီး လက်ရှိချိန်ထိ စစ်ကြောင်းများ လှုပ်ရှားသွားခြင်းမရှိသေးကြောင်း သိရှိရသည်။
“၂၇ ရက်နေ့မှာ စစ်ကိုင်းမြို့ပေါ်ကို ရေကြောင်းကနေ သံခွန်နဲ့ တက်လာတဲ့ စစ်ခွေးတွေရှိတယ်။ နောက်ပြီး မုံရွာ နမခ ကနေလည်း အင်အားတွေ ထပ်ဖြည့်ထားတာရှိတယ်ပေါ့။ အခုက စစ်ခွေးတွေက စစ်ကြောင်းထိုး ပတ်ပတ်လည်ကို အင်အားဖြည့်ပြီး စစ်ကြောင်းထိုး တပ်ဖြန့်ထားတာဆိုတော့ တိုက်ပွဲတွေ ဖြစ်လာမှာ ရွာတွေကို ဝင်ရောက် စီးနင်းမှာ ကြောက်လို့ ပြည်သူတွေက တိမ်းရှောင်နေရတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)




