ရန်ကုန်၊ မတ် ၃
အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များကို စစ်တပ်က ၁ နှစ်အတွင်း “ဒီဒေး (D-Day)” သတ်မှတ်ကာ ပြန်လည်တိုက်ခိုက် သိမ်းပိုက်သွားမည်ဖြစ်ကြောင်း ဘူးလတ်လှဆွေက လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုလိုက်သည်။
မတ်လ ၁ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ စစ်ဆင်ရေးစတင်မည့် “ဒီဒေး” နေ့ရက်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်တစ်ဦးတည်းသာ သိရှိမည်ဟု သူက ဆိုသည်။
“ကျနော်တို့ တပ်မတော်က အင်အားစုပြီးတော့ ဘယ်နေ့ ဒီဒေး လာမလဲ၊ ကျွန်တော်မှန်းတာက ၁ နှစ်အတွင်းတော့ ဖြစ်နိုင်တယ်။ ပြန်တိုက်လိုက်ရင် တစ်မြို့ပြီး တစ်မြို့ ပြန်ရမယ်။ ပြန်ရလို့ရှိရင် ထွန်းမြတ်နိုင်တို့ အုပ်စုကတော့ ဘန်ကာထဲမှာ အဆိပ်သောက်သေဖို့ ပြင်ထားလိုက်” ဟု သူက ဆိုသည်။
ဘူးလက်လှဆွေက AA ၏ တိုက်ခိုက်သိမ်းပိုက်မှုများကို နာဇီဂျာမနီခေါင်းဆောင် ဟစ်တလာ၏ ဥရောပတိုက်ကို ကျူးကျော်ခဲ့သည့် သမိုင်းဖြစ်ရပ်နှင့် နှိုင်းယှဉ်ပြောဆိုခဲ့ပြီး အင်္ဂလန်ကျွန်းကို အခြေပြုကာ မဟာမိတ်တပ်များက “ဒီဒေး” စစ်ဆင်ရေးဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သကဲ့သို့ စစ်တပ်ကလည်း ရခိုင်ပြည်နယ်ကို ပြန်လည်သိမ်းပိုက်မည်ဖြစ်ကြောင်း၊ ရခိုင်သို့ စစ်တပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးဖြင့် ပြန်လည်သိမ်းပိုက်မည်ဖြစ်ကြောင်း ပြောဆိုသည်။
ရခိုပြည်တွင် အာရက္ခတပ်တော် (AA) က ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ၊ သံတွဲ၊ ဂွ၊ ငပလီ၊ တောင်ကုတ်၊ အမ်း နှင့် ချင်းပြည်နယ်မှ ပလက်ဝမြို့တို့ကို အလုံးစုံ သိမ်းပိုက်ထားပြီး ဖြစ်သည်။
စစ်တပ်က စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ် ၃ ခုတွင်သာ တပ်စွဲထားပြီး ယင်းမြို့နယ် ၃ ခုကို မကျစေရေး အပြင်းအထန် ခုခံနေရသည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ဘူးလက်လှဆွေက အာရက္ခတပ်တော် AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရှိနေသည့်နေရာကို ဗုံးကျဲပြီး သူပုန်မှန်သမျှ အပြတ်ချ အမြစ်ဖြုတ်ရမည်ဟု ပြောဆိုခဲ့ဖူးသည်။
“ကျနော်က ဦးလှဆွေ။ ဘူးလက်လှဆွေလို့လည်းခေါ်တယ်။ ကျနော်က KIA မင်းတို့ ရွှေလက်နဲ့ခေါ်တုန်း လာရင်လာ။ မလာလို့ရှိရင် Bullet လွှတ်လိုက်ရမလားလို့ လွှတ်တော်မှာ မေးခွန်းမေးခဲ့တဲ့ကောင်။ ကျနော်က လိုင်ဇာကို ဗုံးကျဲဖို့လည်း ကျနော်တိုက်တွန်းခဲ့တယ်။ ဒီလိုပဲ ဘယ်သူပုန်မှ မဆွေးနွေးဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျနော့်မထည့်နဲ့။ ကျနော် ဘယ်တော့မှ မဆွေးနွေးဘူး။ စကားပြောတာများနေပြီ။ များနေပြီ။ အပြတ်ချမယ်။ ကျနော် အမာလိုင်း။ အမာလိုင်းထဲမှာပါတယ်။ ကျနော်က အပျော့လိုင်းမဟုတ်ဘူး။ အီရော အီရောနဲ့ ငါးဖယ်တိုးတိုးမယ့်အထဲမှာ ကျနော်မပါဘူး။ အပြတ်ချမယ့် အဖွဲ့ထဲမှာပါတယ်။ လာမယ့် AA သူပုန်။ ထွန်းမြတ်နိုင် ဘယ်နားရှိမလဲ။ ရှိတဲ့နေရာ ဗုံးကျဲမယ်။ အပြတ်ချမယ်။ အမြစ်ဖြုတ်မယ်။ ဒါပဲ ။ လာမဆွေးနဲ့ ။ ဆွေးနွေးမယ့်အထဲမှာ ကျနော်မပါဘူး” ဟု ဘူးလက်လှဆွေက ပြောဆိုခဲ့သည်။
ဘူးလက်လှဆွေသည် ကြံ့ဖွတ်ပါတီ၏ ဗဟိုကော်မတီဝင်ဖြစ်ပြီး နေပြည်တော်ကောင်စီ နယ်မြေ ဥက္ကဋ္ဌ ဖြစ်ကာ ပုဗ္ဗသီရိမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံထားရသူလည်းဖြစ်သည်။




