ရန်ကုန်၊ မတ် ၃
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး မြိတ်-ထားဝယ် လမ်းပိုင်းလည်း ရက် ၂၀ ကျော်ကြာ ဆက်ပိတ်နေကာ စစ်တပ်က ပြည်သူ ၇ ဦးကို ဖမ်းဆီးပစ်သတ်ခဲ့ပြီး လေကြောင်းဖြင့်လည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က မြိတ်-ထားဝယ်လမ်းပိုင်း စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ထို ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာသောကြောင့် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေ့စဉ် ပြုလုပ်ကာ တိုက်ပွဲများလည်း လက်ရှိချိန်ထိ ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြိတ်-ထားဝယ် လမ်းပိုင်းသည်လည်း တိုက်ပွဲများ ဖြစ်ပွားနေချိန်မှ စတင်၍ လက်ရှိချိန်ထိ ရက်ပေါင်း ၂၀ ကျော်ကြာ ပိတ်ထားဆဲဖြစ်ပြီး ခရီးသွား ပြည်သူများနှင့် ကုန်ကားများလည်းလက်ရှိချိန်ထိ ပိတ်မိနေဆဲဖြစ်ကြောင်း သိရှိရသည်။
“တိုက်ပွဲကတော့ ဆက်လက်ဖြစ်နေတုန်းပဲ လိုင်းတွေလည်း ပြတ်နေတော့ ကျနော်တို့ မြေပြင် အခြေအနေ အသေးစိတ်ကို မသိရသေးတာ တိုက်ပွဲဖြစ်စဉ်တွေကတော့ သက်ဆိုင်ရာ တော်လှန်ရေး တပ်ဖွဲ့တွေက ထုတ်ပြန်ပါလိမ့်မယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထိ သရက်ချောင်းမြို့နယ်အတွင်းရှိ စုံစင်ဖျားကျေးရွာ၊ မင်းဒပ်ကျေးရွာ၊ ကနက်သီရိကျေးရွာ၊ ပြင်းဖြူသားကျေးရွာ၊ ဝင်းဝကျေးကျေးရွာ၊ ရငဲကျေးရွာ၊ ချောက်ချောင်းကျေးရွာတို့ကို Y-12 လေယာဉ်ဖြင့် ၂၈ ကြိမ် ၊ Jet Fighter ဖြင့် ၈ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၁ ဦး သေဆုံးကာ ပြည်သူ (၁၀) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၁ လုံးလည်း ထိမှန် ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ခလရ ၄၀၉ တပ်ရင်းကလည်း ပြည်သူ ၇ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ ထိုသို့ အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင် စစ်ကြောင်းများကြောင့် လက်ရှိချိန်တွင် ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။




