ရန်ကုန်၊ မတ် ၃
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုးပင် ကျေးရွာအနီး ဆက်ကြေးကောက်ခံနေသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း ပခုက္ကူခရိုင် Local တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၂ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ကိုးပင်ကျေးရွာအနီး ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းများဖြင့် တိုက် ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးကာ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး MA-3 သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး သေစာရင်း ထပ်တိုးသေဆုံးတာမျိုးတော့မကြားမိဘူး။ ထပ်တိုးစာရင်းကတော့၊ စစ်ခွေး အင်အားကတော့ ၃၀ ဝန်းကျင်လောက်လို့တော့ ခန့်မှန်းရတယ်။ ဒရုန်းတစ်စီးတည်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ ကျွန်တော်တို့ အနေနဲ့ကတော့ စစ်တပ်ကို တော်လှန်ရေးပြီးသည်အထိ အချိန်မရွေး နေရာမရွေး တိုက်ခိုက်သွားမှာပါ” ဟု ပခုက္ကူခရိုင် Local တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင် Local တပ်ရင်း၊ မြိုင်(ပကဖ)၊ Burma Revolution Ranger၊ Good Brothers အဖွဲ့နှင့် မကွေး(KG) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။




