25 C
Yangon

ဖားကန့်တွင် ယနေ့ ညပိုင်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ထွက်ပေါ်နေပြီး စစ်တပ် ဒရုန်းများ ဆက်တိုက် ပျံဝဲနေ၊ ကျောက်ပန်းတောင်းတွင် စစ်တပ်ဒေါက်တိုင်ကျော်စွာ ပစ်သတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ မတ် ၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ ညပိုင်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ထွက်ပေါ်နေပြီး အကြမ်းဖက် စစ်တပ် ဒရုန်းများ ဆက်တိုက် ပျံဝဲနေကြောင်း ဖားကန့် သတင်ရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး ညပိုင်းအထိ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက် ဆုတောင်းကုန်းဘက်တွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ထွက်ပေါ်နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် ဒရုန်းများကလည်း ဖားကန့်မြို့ အနီးတဝိုက်တွင် ဆက်တိုက် ပျံဝဲနေကြောင်း သိရသည်။

“လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေက မွန်းလွဲပိုင်းလောက်ကစပြီး ကြားနေရတာ ဒါပေမယ့် အခြေအနေ အရမ်းမဆိုးသေးပါဘူး။ စစ်ခွေးဒရုန်းတွေကလည်း အဓိက လှုပ်နေတာတွေရှိတယ်။ မွန်းလွဲပိုင်းကတော့ စစ်ခွေးတွေ အရက်မူးပြီ လျှောက်ပစ်နေကြတာလို့တော့ သိရတယ်” ဟု ဖားကန့်သတင်းရင်းမြစ်က ပြောဆိုသည်။

ဖားကန့်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ အကြား မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသော်လည်း စစ်တပ်က အရပ်သား ပြည်သူများရှိရာ နေရာများကို ဦးတည်ပစ်ခတ်ခြင်းကြောင့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမည်ကို ပြည်သူများ စိုးရိမ်နေကြကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ရဲများကို လိုင်းကြေးပေး၍ လောင်းကစားဝိုင်းများထောင်ပြီး ပြည်သူများကို ခြိမ်းခြောက်ငွေညှစ်မှုများ လုပ်ဆောင်နေသော စစ်တပ် ဒေါက်တိုင် ဂျင်ဝိုင်းခေါင်းဆောင် ကျော်စွာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ တောင်ဦးကျေးရွာမှ ဆင်ပစ်ရွာဘက်သို့သွားသည့် တောင်ဦးဈေးကုန်း ဆင်ပစ်လမ်းဆုံရှိ ဦးအောင်ရွှေ လက်ဖက်ရည်ဆိုင်တွင် စစ်တပ် ဒေါက်တိုင် ဂျင်ဝိုင်းခေါင်းဆောင် ကျော်စွာနှင့် ၎င်း၏ ဇနီးဖြစ်သူတို့ ထိုင်နေစဉ် အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို တိုက်ခိုက်မှုအတွင်း ကျော်စွာသည် နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသွားသော ကျော်စွာ၏ ရုပ်အလောင်းကို လက်ပံပြာရဲစခန်းမှ ရဲများက လာရောက်သယ်ဆောင်သွားကြောင်း သိရှိရသည်။

“ကျော်စွာက တောင်ဦးရွာမှာ ငါးရက်တပတ်ဈေး ပြန်လာတဲ့ ဒေသခံ ဈေးသယ်တွေကို လောင်းကစားလုပ်ဖို့ ဆွယ်တာ တောသူတောင်သားတွေ ဈေးသယ်တွေ ဆိတ်ရောင်း၊ နွားရောင်း၊ လယ်ရောင်း ရောင်းချပြီး ကစားတာ အကုန်ပြောင်တာပဲ ကစားတဲ့သူတွေ နိုင်ရင်လည်း ပေးမပြန်ဘူး။ ရှုံးတဲ့အထိ ခြိမ်းခြောက်ပြီး ဆော့ခိုင်းတယ်။ စစ်တပ်နဲ့ ရဲကို တစ်လ သိန်း ၃၀ လိုင်းကြေးပေးပြီး လုပ်ဆောင်နေတာပါ။ မတ်လ ၁ ရက်နေ့ကျတော့ လက်နက်ကိုင်ထားတဲ့သူတွေ ဝင်ပစ်လို့ သေပြီလို့ သိရတယ်။ ဆင်ပစ်လမ်းဆုံက ဦးအောင်ရွှေ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေတုန်း ဝင်ပစ်သွားတာလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အဆိုပါ ဂျင်ဝိုင်းခေါင်းဆောင် ကျော်စွာသည် ပျော်ဘွယ်မြို့မှ လာရောက်နေထိုင်သူဖြစ်ပြီး တောင်ဦးရွာနှင့် ရေငံရွာအကြားရှိ စနယ်ပြင်ရေကန်အနီး တောင်ဦးဒေသခံ ဦးသိန်းနိုင် ပိုင်ဆိုင်သည့် မြေကွက်ကို တစ်လလျှင် ၁၀ သိန်းဖြင့် ငှားရမ်းကာ လောင်းကစားဝိုင်းများ ထောင်စားနေသည်မှာ ၃ နှစ်ခန့် ရှိပြီးဖြစ်ကြောင်း၊ အဆိုပါ လောင်းကစားဝိုင်းများ ပြုလုပ်နိုင်ရန် အကြမ်းဖက် စစ်တပ်နှင့် ရဲများကို တစ်လလျှင် ငွေကျပ်သိန်း ၃၀ လိုင်းကြေးပေးကာ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article