စစ်တပ်၏ ကန့်သတ်ချက်အမိန့်တွင် EV ကားများကို ဖယ်ထုတ်ထား၍ အောင်ပြည့်စုံနှင့်ခင်သီရိသက်မွန်တို့ တင်သွင်းသော EV ကားများ ရောင်းအားတက်စေရန် လုပ်ဆောင်မှုဟု သုံးသပ်
ရန်ကုန်၊ မတ် ၄
အကြမ်းဖက်စစ်တပ်က စက်သုံးဆီချွေတာရေး စုံရက်နှင့်မရက် ခွဲ၍ ယာဉ်များမောင်းနှင်ရန် အမိန့်ထုတ်မှုအပေါ် ရူးကြောင်ကြောင် အမိန့် အဖြစ် ဝေဖန်လိုက်ပြီး ယမန်နေ့ညပိုင်းမှစတင်၍ တစ်နိုင်ငံလုံး စက်သုံးဆီများ တန်းစီ အလုအယက်ပြန်ဝယ်နေရကြောင်း ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မတ်လ ၃ ရက်နေ့ ညပိုင်း အကြမ်းဖက် စစ်တပ်က စက်ဆုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော် တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မတ်လ ၇ ရက်နေ့မှ စတင်မောင်း နှင်ရမည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။
လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မတ်လ ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူ ပို့ဆောင်ရေးယာဉ်များသည် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မောင်းနှင်အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လစဉ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/- 4A/—-စသည် ဖြင့်)၊ “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ-1A/—3A/—- စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင်ယာဉ်များသာ မောင်းနှင်အသုံးပြုရမည်ဖြစ်ပြီး EV မော်တော်ယာဉ် ၊ EV မော်တော် ဆိုင်ကယ်များ နေ့စဉ်မောင်းနှင်နိုင်ကြောင်း ထုတ်ပြန်ချက် အမိန့်တွင် ဖော်ပြထားသည်။
အထက်ပါစည်းကမ်းသတ်မှတ်ချက်များသည် ထပ်မံ၍ တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိသည့်အချိန်အထိ အတည်ဖြစ်ကြောင်းနှင့် အဆိုပါစည်းကမ်းသတ်မှတ်ချက်များအား ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ညပိုင်း အဆိုပါ အမိန့် ထွက်လာပြီးနောက် ညတွင်းချင်း နိုင်ငံတစ်ဝန်း ဆီဆိုင်များ ဆီတန်းစီနေသော ကားတန်းရှည်ကြီးများ ပြန်လည် ထွက်ပေါ်လာပြီး ယနေ့ နံနက် ၅ နာရီဝန်းကျင်မှစတင်၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးများအားလုံးတွင် စက်သုံးဆီများကို ပြန်လည် တန်းစီ ဝယ်ယူနေရကြောင်း သိရှိရသည်။
မော်တော်ယာဉ်များကို နံပါတ်ပြားအလိုက် စုံရက်၊ မရက်ခွဲ၍ မောင်းနှင်ရမည်ဆိုသော အမိန့်မှာ ရူးကြောင် ကြောင် အမိန့်တစ်ရပ်ဖြစ်ကြောင်း UMFCCI မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။
“ခရီးထွက်မယ့်သူတွေ၊ ကလေးကျောင်းကြိုပို့တာတွေ၊ ဆေးရုံကို အရေးပေါ် သွားပြရမယ့်သူတွေ ဒါတွေကို ကားနံပါတ်အလိုက် စုံနံပါတ်ဆိုရင် စုံရက် ၊ မနံပါတ်ဆိုရင် မရက် ထွက်ရမယ်ဆိုတာက အင်မတန်မှကို ရူးကြောင်ကြောင် နိုင်တယ်။ ဆီဆိုင်တွေကနေ စုံရက်မှာ စုံနံပါတ်ကားကိုပဲ ဆီရောင်းပေးမယ်။ မရက်မှာ မနံပါတ်ကားကိုပဲ ဆီရောင်းပေးမယ်ဆိုရင်လည်း ရတာပဲ။ ပြည်သူတွေရဲ့ ကားတွေကိုတော့ အဲဒီလို ကန့်သတ်တာ အဓိပ္ပာယ်မရှိဘူး” ဟု UMFCCI မှ စီးပွားရေးလုပ်ငန်းရှင်က ပြောဆိုသည်။
အများပြည်သူများအကြားတွင် ယမန်နေ့ စစ်တပ်က ထုတ်ပြန်သော အမိန့်ကြောင့် ကားနံပါတ်အလိုက် စုံရက်၊ မရက် လမ်းပေါ်တွင်သာ မောင်းရမည်ဟု သတ်မှတ်ခြင်းအပေါ် အပြင်းအထန် ဝေဖန်နေကြသည်။
“ဒီကားတွေက ကနညမှာလည်း အခွန်ဆောင်ထားတယ်။ နှစ်အလိုက်လည်း အခွန်ပေးရတယ်။ တစ်အိမ်ထောင်မှာ ကား ၁ စီးရှိဖို့တောင် မနည်းကြိုးစားရုန်းကန်ထားရတာ။ အလုပ်လုပ်ဖို့အတွက် ဒီကားကိုပဲ အားကိုးသွားလာရတာ။ Public Transportation ကလည်း ကောင်းမွန်အောင် လုပ်ထားတာမဟုတ်ဘဲ အခုလို ကန့်သတ်တာက လူထုကို ညှဉ်းပန်းနှိပ်စက်မှုပဲလို့” ဟု မရမ်းကုန်းမြို့နယ်မှ စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
ကိုယ်ပိုင် Toyota Fielder 7H- နံပါတ်ကားဖြင့် သီလဝါဆိပ်ကမ်းတွင် အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းများ နေ့စဉ် အမြဲ သွားရောက် လုပ်ကိုင်နေရသော အကောက်ခွန်ရှင်းလင်းရေး အေးဂျင့်တစ်ဦးကမူ စစ်တပ်၏ ထုတ်ပြန်သော အမိန့်ကြောင့် အလုပ်ထိခိုက်မည့် အလားအလာရှိနေသည်ဟုဆိုသည်။
“ကျနော့်အိမ်က အင်းစိန်မှာ သီလဝါအထိ သွားပြီး အကောက်ခွန် ကိစ္စစာရွက်စာတမ်းနဲ့ File တွေ Run ရတယ်။ အကောက်ခွန်ရုံးက မြို့ထဲမှာ အဲဒီကနေ သီလဝါကိုသွားပြီး အကောက်ခွန်ရှင်းလင်းရေးတွေလုပ်ရတာ။ သူတို့ပြောသလို ကျနော့်ကား 7H ဆိုတော့ မ ရက်ပဲ ထွက်လို့ရတယ်။ စုံရက်ကျရင် ကားငှားသွားရမယ့် ကိန်း။ ကားငှားသွားရင် အင်းစိန်ကနေ မြို့ထဲ၊ မြို့ထဲကနေ သီလဝါကို ကားငှားစရိတ်က အသွားအပြန်ဆိုရင် ၅ သောင်းနဲ့ ၁ သိန်းအကြား ကျမှာ။ စုံရက်ဆိုရင် အလုပ်ရပ်ထားရမယ့် အခြေ အနေဖြစ်နေတယ်” ဟု ပြောဆိုသည်။
စစ်တပ်က စုံရက်၊ မရက် ခွဲ၍ လမ်းပေါ်တက်ရန် အမိန့်ထုတ်ထားပြီး အမိန့်မလိုက်နာလျှင် အရေးယူမည်ဟု ကြေညာထားသော်လည်း မည်သို့ မည်ပုံ အရေးယူမည်ကို ထည့်သွင်းမရေးထားသဖြင့် ပြည်သူများအကြား စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရှိရသည်။
“စုံရက်မှာ မကားနံပါတ်တွေ လမ်းပေါ်တက်ရင် ထောင်ချမှာလား၊ ဒဏ်ငွေပဲလား။ ဘယ်လို အရေးယူမှာလဲ မပါဘူး။ ကိုယ့်ကားကိုယ် ပိုက်ဆံရှိလို့ စီးတာတောင် စီးခွင့်မရဘူး” ဟု အကောက်ခွန်ရှင်းလင်းရေးအေးဂျင့်က ဆက်လက်ပြောဆိုသည်။
မန္တလေးမှ ပြည်သူတစ်ဦးကလည်း စစ်တပ်၏ အမိန့်က မော်တော်ကား၊ မော်တော်ဆိုင်ကယ်များအပြင် သုံးဘီးများကိုပါ ကန့်သတ်ထားရာ မန္တလေးမှ ပြည်သူများအနေဖြင့်လည်း သွားလာရေး အခက်အခဲများဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။
စစ်တပ်၏ အမိန့်တွင် EV လျှပ်စစ်ကားမှန်သမျှကို ကန့်သတ်ချက် မထားဘဲ နေ့စဉ် မောင်းနှင်နိုင်သည်ဟု ရေးသားထားရာ မင်းအောင်လှိုင်၏ သားအောင်ပြည့်စုံနှင့်သမီးခင်သီရိသက်မွန်တို့ တင်သွင်းနေသော EV ကားများကို ဝယ်လိုအား တက်စေရန် လုပ်ဆောင်မှု အဖြစ် UMFCCI မှ စီးပွားရေးသမားက သုံးသပ်ပြောဆိုသည်။
“သူ့သားနဲ့ သူ့သမီးက EV ကားတွေ သွင်းနေတာ။ အဲဒါကို ရောင်းအားကောင်းအောင် လုပ်တာထင်တယ်။ EV တင်သွင်းရောင်းနေသူတွေ ဂွင်ဖြစ်သွားတာပေါ့” ဟု MFCCI မှ စီးပွားရေးသမားက ဝေဖန် ပြောဆိုသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်က ၎င်း၏ လုပ်ဖော်ကိုင်ဖက်များဖြစ်သော နိုင်ဖြိုးကျော်၊ ဝေယံမင်းမောင်တို့နှင့်အတူ NPK Motor Co Ltd ကုမ္ပဏီထူထောင်ပြီး မြန်မာနိုင်ငံတွင်းသို့ လျှပ်စစ် ကားများနှင့် MG Myanmar ၊ Leapmotor Myanmar အမျိုးစား လျှပ်စစ် ကားများကို တိုးမြှင့်တင်သွင်းနေကြောင်း သိရှိရသည်။
ထို့ပြင် မင်းအောင်လှိုင်သမီး ကုမ္ပဏီက မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်ကားများအတွက် ဓာတ်အားသွင်း သည့် EV Charging Station များလုပ်ပိုင်ခွင့်ရရှိခဲ့ကြောင်း၊ အလားတူ မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက EV ကားတင်သွင်းမှုအဖြစ် တရုတ်BYD ကုမ္ပဏီမှ ကားများကို ပြည်တွင်းကုမ္ပဏီခွဲများစွာ တည် ထောင်၍ တင်သွင်းနေကြောင်း သိရှိရသည်။






