32 C
Yangon

ဗြိတိန်နိုင်ငံက မြန်မာ အပါအဝင် နိုင်ငံ ၄ ခုကို ကျောင်းသားဗီဇာထုတ်ပေးမှုများ ရပ်ဆိုင်းမည်ဟု ဗြိတိန် ပြည်ထဲရေးဝန်ကြီး ကြေညာ

Must read

လန်ဒန်၊ မတ် ၄

ဗြိတိန်နိုင်ငံအတွင်းသို့ ကျောင်းသားဗီဇာ (Study Visas) ဖြင့် ဝင်ရောက်လာသူများအကြား ခိုလှုံခွင့်တောင်း ခံမှုများ (Asylum Claims) သိသိသာသာ မြင့်တက်လာခြင်းကြောင့် မြန်မာ၊ အာဖဂန်နစ္စတန်၊ ကင်မရွန်းနှင့် ဆူဒန်နိုင်ငံသားများအား ကျောင်းဗီဇာထုတ်ပေးခြင်းကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ထုတ်ပြန်ကြေညာလိုက်သည်။

ထို့အပြင် အာဖဂန်နစ္စတန်နိုင်ငံသားများအတွက် အလုပ်ဗီဇာ (Work Visas) ထုတ်ပေးခြင်းကိုလည်း ရပ်ဆိုင်းမည်ဖြစ်သည်။

ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာန (UK Home Office) ၏ အဆိုအရ အဆိုပါနိုင်ငံလေးခုမှ နိုင်ငံသားများအပေါ် “ဗီဇာ အရေးပေါ်ရပ်ဆိုင်းသည့်စနစ်ကို ပထမဆုံးအကြိမ်အဖြစ် ကျင့်သုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မြန်မာအပါအဝင် အဆိုပါလေးနိုင်ငံမှ ကျောင်းသားများ၏ ခိုလှုံခွင့်လျှောက်ထားမှုသည် ၄၇၀ ရာခိုင်နှုန်းကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ဗြိတိန်ပြည်ထဲရေးဝန်ကြီး ရှာဗားနား မာမွတ် (Shabana Mahmood) က “ဗြိတိန်နိုင်ငံသည် စစ်ဘေးနှင့် နှိပ်စက်ညှဉ်းပန်းမှုများကြောင့် ထွက်ပြေးလာသူများကို အမြဲတစေ ခိုလှုံခွင့်ပေးမည်ဖြစ်သော်လည်း ဗီဇာစနစ်ကို အလွဲ သုံးစားလုပ်ခြင်းအား ခွင့်ပြုမည်မဟုတ်ကြောင်း” ပြောကြားခဲ့သည်။

ဗြိတိန်၏ ဗီဇာစနစ်ကို အသုံးချကာ ခိုလှုံခွင့်တောင်းခံရန် ကြိုးစားနေသူများကို ဗီဇာငြင်း ပယ်ခြင်းမှာ မကြုံစဖူး ထူးခြားသည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ယခု ဗီဇာပိတ်ပင်ခြင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဥပဒေအပြောင်းအလဲကို လာမည့်ကြာသပတေးနေ့တွင် တရားဝင်စတင်မိတ်ဆက်သွားမည်ဖြစ်သည်။

ဗြိတိန်အစိုးရ၏ အဆိုပြုထားသည့် စည်းမျဉ်းသစ်များအရ ဗြိတိန်တွင် ခိုလှုံခွင့်တောင်းခံထားသူများသည် ၎င်းတို့၏ ဒုက္ခသည်အဆင့်အတန်း (Refugee Status) ကို ၃၀ လတစ်ကြိမ် ပြန်လည်စစ်ဆေးခြင်း ခံရမည်ဖြစ်သည်။ ယင်းလုပ်ဆောင်ချက်သည် ဗြိတိန်နိုင်ငံကို ခိုလှုံခွင့်တောင်းခံရန် ဆွဲဆောင်မှုမရှိသော နေရာတစ်ခုဖြစ်လာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article