ရန်ကုန်၊ မတ် ၄
ကချင်ပြည်နယ်၊ဗန်းမော်နှင့်၀ိုင်းမော်မြို့နယ်တို့တွင် စစ်တပ်နှင့် KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်နေကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာနက တရားဝင် သတင်းထုတ်ပြန်ထားသည်။
မတ်လဆန်းပိုင်းမှစတင်၍ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်း စစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ၊ စစ်တပ်က ဗန်းမော်မြို့နယ်၊ ကန်ဦးဘုန်းကြီးကျောင်းနှင့် အနီးပတ်ဝန်းကျင်တွင် တပ်စွဲပြီး KIA နှင့် PDF များ ထိန်းချုပ်ထားသော နေရာများသို့ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေကြောင်း၊ ထို့ပြင် နမ်ဖာ၊ တာမိုင်လုံ ဒေသများဘက်သို့လည်း တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရုန်းအသုံးပြု၍ ဗုံးကျဲများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က ဗန်းမော်မြို့နယ်တွင် ပြန်လည် ထိုးစစ်ဆင်လာသဖြင့် KIA နှင့် PDF တပ်များက ခုခံစစ်ဆင် နွှဲနေကြောင်း၊ စစ်တပ်က ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးများ၏ ပစ်အားကို အားယူ၍ ထိုးစစ်ဆင်လာနေကြောင်း သိရှိရသည်။
“ဗန်းမော်မှာတော့ တိုက်ပွဲတွေက နေ့စဉ်ဖြစ်နေတာ။ အခုတစ်ခါတော့ စစ်တပ်က ပြန်ပြီး ထိုးစစ်ဆင်လာတယ်။ အဓိက လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ၊ ဒရုန်းတွေလည်း တအားသုံးတယ်။ အဲဒါတွေနဲ့ KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်တဲ့နေရာတွေကို ထိုးစစ် ပြန်ဆင်လာတယ်” ဟု KIA ရှေ့တန်း သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ဝိုင်းမော်မြို့နယ်တွင်လည်း စစ်တပ်က KIAနှင့် PDF များထိန်းချုပ်ထားသော နေရာများနှင့် စခန်းများထံသို့ ၁၂၀ မမ၊ ၈၁ မမ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း၊ မတ်လ ၂ ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်ခန့်အချိန် စစ်တပ်၏ တိုက်လေယာဉ်များက ၀ိုင်းမော်မြို့နယ်၊ ဆမ်ပိုင်ကျေးရွာအနီးသို့ သို့ ပေါင် ၅၀၀ ဗုံး ၄ လုံး ကျဲချခဲ့ရာ နေအိမ်များ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း KIA စစ်ရေးရင်းမြစ်များထံမှ သိရှိရသည်။




