ရန်ကုန်၊ မတ် ၄
အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲများနှင့်ပတ်သက်၍ မြန်မာစစ်တပ်၏ သဘောထားမှတ်ချက်ကို ပြည်တွင်းပြည်ပ သတင်းဌာနများက တောင်းခံသော်လည်း အကြမ်းဖက် ဇော်မင်းထွန်းက လုံး၀ မတုံ့ပြန်ဘဲ နှုတ်ဆိတ်နေကြောင်း ပြည်တွင်းပြည်ပသတင်းဌာနများထံမှ စုံစမ်းသိရှိရသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်ခဲ့သော အစ္စရေး-အမေရိကန်နှင့် အီရန်တို့အကြား တိုက်ပွဲများမှာ မတ်လ ၄ ရက်နေ့အထိ ပြင်းထန်လာပြီး ကမ္ဘာ့ရေနံတင်ပို့မှုကဏ္ဍကိုပါ ထိခိုက်လာကြောင်း၊ မြန်မာ နိုင်ငံ၏ စက်သုံးဆီကဏ္ဍကိုလည်း ထိခိုက်လာရာ ယင်းအခြေအနေများနှင့်ပတ်သက်၍ မည်သို့ သဘော ထားမှတ်ချက်ပေးလိုပါသနည်းဟု ပြည်တွင်းပြည်ပ သတင်းဌာနများက အကြမ်းဖက် ဇော်မင်းထွန်းသို့ ဆက်သွယ်မေးမြန်းထားကြောင်း၊ သို့ရာတွင် အကြမ်းဖက်ဇော်မင်းထွန်းက လုံး၀ တုံ့ပြန်ခြင်းမရှိဘဲ နှုတ်ဆိတ်နေကြောင်း သိရှိရသည်။
“သတင်းဌာနတွေကတော့ အီရန်-အမေရိကန် စစ်ပွဲနဲ့ပတ်သက်လို့ စစ်တပ်ရဲ့ သဘောထားကို မေးကြတယ်။ အထူးသဖြင့်တော့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးတာ။ သူလည်း ဘာမှ ပြန်မဖြေသလို တုံ့လည်းမတုံ့ပြန်ဘူး။ နှုတ်ဆိတ်နေတယ်။ အရင်ဂျပန်ဝန်ကြီးချုပ်နဲ့ တရုတ်တို့ ထိုင်ဝမ်အရေး ကိစ္စ ဖြစ်တုန်းကတော့ ကြေညာချက်တွေပါ ထုတ်ပြီး တရုတ်ဘက်က ရပ်တည်တယ်။ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လက်ခံပြီး ဂျပန်ဝန်ကြီးချုပ်ပြောတာကို ကန့်ကွက်တယ် ဘာညာ ထုတ်တယ်။ အခုတော့ အီရန်ကိစ္စမှာ သူဘာမှ မပြောဘူး နှုတ်ဆိတ်နေတယ်” ဟု ဝါရင့်သတင်းသမားတစ်ဦးက ပြောဆိုသည်။
အီရန်အရေးကိစ္စကြောင့် ပြည်တွင်း စက်သုံးဆီ ကဏ္ဍတွင် စက်သုံးဆီချွေ တာရေး အစီအစဉ်များကို စစ်တပ်က မတ်လ ၇ ရက်နေ့မှစတင်မည်ဟု ကြေညာထားပြီး မော်တော်ယာဉ်များသည် နံပါတ်ပြား အလိုက် စုံရက်နှင့် မရက်များခွဲ၍ လမ်းပေါ် မောင်းနှင်ရမည်ဟု အမိန့်ထုတ်ထားသည်။
အီရန်အရေးကိစ္စတွင် ရုရှားနှင့် တရုတ်တို့က အမေရိကန်နှင့်အစ္စရေးကို အပြင်း အထန် ဝေဖန်ထားပြီး မြန်မာစစ်တပ်ကမူ တစ်စုံတစ်ရာ မှတ်ချက်မပေးဘဲ နှုတ်ဆိတ်နေခြင်းဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း အီရန်နိုင်ငံက မြန်မာစစ်တပ်အတွက် လေယာဉ်ဆီနှင့် လက်နက်ခဲယမ်းများကို လျှို့ဝှက် ပေးပို့ခဲ့သော အထောက်အထားများကို ရိုက်တာသတင်းဌာနအပါအဝင် နိုင်ငံတကာက စုံစမ်းဖော်ထုတ်ထားသည်။
ယင်းအပြင် အကြမ်းဖက် စစ်တပ်က ၎င်း၏ မိတ်ဖက် အီရန်နိုင်ငံမှ ခေါင်း ဆောင် ခါမေနီမှာ အမေရိကန်နှင့် အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့်အပေါ် စစ်တပ်ပိုင် သတင်းဌာနများ၊ သတင်းစာများတွင် လုံး၀ ဖော်ပြခြင်းမပြုဘဲ သတင်းအမှောင်ချထားခဲ့သည်။




