ရန်ကုန်၊ မတ် ၄
အီရန်စစ်ပွဲမှာ ပထမဆုံး ကျဆုံးခဲ့တဲ့ အမေရိကန်စစ်သည်တွေရဲ့ အမည်စာရင်းကို ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲအတွင်းမှာ အသက်ပေးလှူသွားခဲ့ရတဲ့ အမေရိကန်စစ်တပ် အရန်တပ်ဖွဲ့ဝင် ၄ ဦးရဲ့ အမည်စာရင်းကို အမေရိကန်၊ပင်တဂွန် (Pentagon)စစ်ဌာနချုပ် က ဒီနေ့မှာ ထုတ်ပြန်လိုက် ပါတယ်။
သူတို့ဟာ ကူဝိတ်နိုင်ငံမှာရှိတဲ့ မဟာဗျူဟာမြောက် စစ်ဆင်ရေးဌာနတစ်ခုကို အီရန်ဘက်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့စဉ်အတွင်း ကျဆုံးခဲ့ရတဲ့ စစ်သည် ၆ ဦးထဲမှာ ပါဝင်တဲ့သူတွေဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ အမည်စာရင်းတွေကတော့ ဗိုလ်ကြီး Cody A. Khork (အသက် ၃၅ နှစ်)၊ တပ်ကြပ်ကြီး Noah L. Tietjens (အသက် ၄၂ နှစ်)၊ တပ်ကြပ်ကြီး Nicole M. Amor (အသက် ၃၉ နှစ်)၊ တပ်ကြပ်ကြီး Declan J. Coady (အသက် ၂၀ နှစ်) တို့ပဲ ဖြစ်ပါတယ်။
သူတို့အားလုံးဟာ အိုင်အိုဝါပြည်နယ်၊ ဒက်မွိုင်းမြို့မှာ အခြေစိုက်တဲ့ အမှတ် ၁၀၃ ထောက်ပို့တပ်ဖွဲ့ (103rd Sustainment Command) က ရဲဘော်တွေဖြစ်ကြပါတယ်။ ကျန်ရှိနေတဲ့ နောက်ထပ်စစ်သည် ၂ ဦးရဲ့ အမည်ကိုတော့ သူတို့ရဲ့ မိသားစုဝင်တွေဆီ အကြောင်းကြားပြီးမှ ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။
အခုတိုက်ပွဲကို “Operation Epic Fury” လို့ အမည်ပေးထားပြီး အမေရိကန်အစိုးရရဲ့ အဆိုအရ လက်ရှိမှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားတဲ့ စစ်သည် ၁၈ ဦးထဲက ၈ ဦးဟာ ဆေးကုသမှုကြောင့် အခြေအနေ ပြန်ကောင်းလာပြီလို့ သိရပါတယ်။
သမ္မတ ဒေါ်နယ်ထရန့်ကတော့ ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ မိသားစုတွေကို ဝမ်းနည်းကြောင်း သ တင်း စကားပါးခဲ့သလို၊ စစ်ဆင်ရေးရဲ့ ရည်မှန်းချက်တွေ အောင်မြင်တဲ့အထိ တိုက်ပွဲတွေကို ဆက်လက်ဆင်နွှဲသွားမှာဖြစ်လို့ နောက်ထပ် အကျအဆုံးတွေလည်း ရှိလာနိုင်သေးတယ်လို့ ဗီဒီယိုကနေတစ်ဆင့် သတိပေးပြောကြားထားပါတယ်။
ဒီစစ်ပွဲဟာ ပြီးခဲ့တဲ့ စနေနေ့က အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ရဲ့ အဓိကနေရာတွေကို ဗုံးကျဲ တိုက်ခိုက်ရာကနေ စတင်ခဲ့တာဖြစ်ပြီး၊ အီရန်ရဲ့ အဓိကခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) လည်း သေဆုံးသွားခဲ့ပြီလို့ သိရပါတယ်။ အခု ကူဝိတ်က အမေရိကန်စခန်း တိုက်ခိုက်ခံရတာဟာ အီရန်ဘက်က လက်တုံ့ပြန်တဲ့ တိုက်ခိုက်မှုတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။







