ရန်ကုန်၊ မတ် ၄
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က စစ်ဘေးရှောင်ပြည်သူ ၁ ဦးကို ပစ်သတ်ပြီး နေအိမ် ၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျောက်ပန်းတောင်းလူငယ်ကွန်ရက် ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။
မတ်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ စိတ္တိန်းမြောက်ရွာကို ဝင်ရောက် စီးနင်းခဲ့သော အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများသည် စိတ္တိန်းမြောက်ရွာ၊ စိတ္တိန်းတောင်ရွာနှင့် ကူတောရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ မီးရှို့ဖျက်ဆီးမှုကြောင့် စိတ္တိန်းတောင်ရွာမှ နေအိမ် ၂၀ လုံး ၊ စိတ္တိန်းမြောက်ရွာမှ နေအိမ် ၄၀ လုံးနှင့် ကူတောရွာမှ နေအိမ် ၈ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် ယနေ့ မတ်လ ၄ ရက်နေ့ နံနက်အစောပိုင်းတွင်လည်း ဆိုင်ဂေါင်ရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၅ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်သည် စစ်ဘေးရှောင်ပြည်သူ ၁ ဦးကိုလည်း ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။
“မီးရှို့တာက ဟုတ်ပါတယ်။ မနေ့တည်းက စစ်ခွေးစစ်ကြောင်းက ရွာတွေကို တောက်လျှောက်ရှို့နေတာ ဒီနေ့လည်း စစ်ကြောင်း ထပ်ထိုးပြီးရှို့နေတုန်းပဲ။ ပြည်သူ ၁ ဦး သတ်ဖြတ်ခံရတာတော့ ကျနော်တို့လည်း အတည်မပြုနိုင်သေးဘူး။ သတင်းတော့ ကြားမိတယ်။ အခုထိလည်း ရှောင်နေရတုန်းပဲဆိုတော့ ရွာထဲ ဝင်မကြည့်နိုင်သေးဘူး။ နေအိမ်ပျက်စီးမှုကို အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဘုန်းကြီးကျောင်းများမှ ငွေကျပ် သိန်း ၃၀ ကျော်နှင့် စစ်ဘေးရှောင် ပြည်သူများထံမှ ငွေကျပ် ၆ သိန်း၊ ရွှေဆွဲကြိုး တို့ကိုလည်း လုယက်ခိုးယူသွားကြောင်း၊ လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုးနေ၍ စိတ္တိန်းရွာနှင့် ကူတောရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများ ဆက်လက် တိမ်းရှောင်နေရကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၂၃ ရက်နှင့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တို့တွင်လည်း ကျောက်ပန်းတောင်းမြို့နယ်၊ ဘုရားကြီးကုန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် ၄၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။







