ရန်ကုန်၊ မတ် ၄
အကြမ်းဖက် မင်းအောင်လှိုင်က စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ရဲဝင်းဦးကို စစ်တပ်၏ နံပါတ် ၂ ရာထူးဖြစ်သော ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)သို့ ရာထူးတိုးမြှင့်လိုက်ပြီး စစ်တပ်အတွင်း ဗိုလ်ချုပ်များကို ရာထူးအပြောင်း အလဲများလုပ်ဆောင်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ရာထူးကို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရယူထားခြင်းဖြစ်ပြီး ယခုအခါ ယင်းရာထူးကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံသို့ လွှဲပြောင်းပေးလိုက်ကြောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းမှာ ဒုတိယတပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုသာ ရယူထားတော့ကြောင်း သိရှိရသည်။
ရဲဝင်းဦးကို ကာကွယ်ရေးဦးစီးချုပ်(ကြည်း) အဖြစ် တာဝန်ပေးခြင်းမှာ ထူးခြားပြီး စစ်တက္ကသိုလ် ကျောင်းဆင်းမဟုတ်ဘဲ OTS ကျောင်းဆင်းကို ပေးခြင်းဖြစ်ကြောင်း၊ အဓိက မင်းအောင်လှိုင်က သူယုံကြည်စိတ်ချရသူကို တပ်ချုပ်ရာထူးပေးမည့်သဘောမျိုးဟု ယူဆရကြောင်း စစ်ဘက်သတင်းရင်းမြစ်များက ဆိုကြသည်။
“ရဲဝင်းဦးက ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဖြစ်သွားတော့ ဒုချုပ် စိုးဝင်းက အခုလက်ရှိအနေအထားမှာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် နေရာမှာပဲ ရှိတော့တယ်။ ရဲဝင်းဦးသည် တပ်ချုပ်အထိတောင် ဖြစ်လာနိုင်တဲ့ အနေအထားမျိုး သွားတွေ့ရတယ်။ အဲဒီတော့ တပ်ချုပ်ဖြစ်လာနိုင်ခြေရှိတယ်။ ဒါပေမဲ့ ရဲဝင်းဦးက အရက်သမား ။ ကိုယ်စွမ်းကိုယ်စတော့ ဒီလောက်ကြီး ရှိတာ မဟုတ်ဘူး။ ဒါပေမယ့် ဗိုလ်သင်တန်းကျောင်းဆင်းတွေရဲ့ အနေအထားက ဖောရှောရိုက်တတ်တယ်။ မင်းအောင်လှိုင် အားကိုးတယ်ပေါ့နော်။ သူ့အမျိုးသမီးတော်တာ ။ ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူတယ်လို့ ပြောလို့ရတယ်။ ကြူကြူလှ အကြိုက် သူ့အမျိုးသမီးက ကျိုးကျိုးနွံ့နွံ့နဲ့ နေတတ်တယ်။ ရဲဝင်းဦးကလည်း သူကိုယ်တိုင် သူ့သားကို စစ်တပ်ထဲ ထည့်ပေးထားတာဆိုတော့ အခု လက်ရှိမှာ Rank အရ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ level တူသွားပြီ။ အဲဒီတော့ တပ်ချုပ်ဆက်ပြီးတော့ ဖြစ်နိုင်မယ်လို့ ခန့်မှန်းပါတယ်။ ကျွန်တော်တို့လည်း စက်တင်ဘာလကတည်းက ရဲဝင်းဦးက တပ်ချုပ်ဖြစ်လာနိုင်လို့ ခန့်မှန်းပေမယ့် လူကြိုက်နည်းတာမျိုး ကြုံခဲ့ဖူးပါတယ်။ ကျော်စွာလင်းသည် ဒုချုပ်ဆက်ပြီးတော့ ဖြစ်မယ်လို့ မှန်းထားပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပြောဆိုသည်။
ယင်းအပြင် စစ်တပ်အတွင်း ဗိုလ်ချုပ်ရာထူးများကို အပြောင်းအလဲလုပ်ခဲ့ပြီး အလယ်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်ကို ရန်ကုန်တိုင်းတိုင်းမှူး၊ ရန်ကုန်တိုင်းတိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းကို တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်ကိုကို ထိုက်ကို စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်၊ တမခ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ်ထွဋ်ခေါင်ကို စစ်တက္ကသိုလ် DSA ကျောင်းအုပ်ကြီး ၊ DSAကျောင်း အုပ် ကြီး ဗိုလ်မှူးချုပ် အောင်ဌေးကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တြိဂံတိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင် ကို ကစထ ၄ မှူး၊ အရှေ့အလယ်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်ကို တြိဂံတိုင်း တိုင်းမှူး အဖြစ်လည်းကောင်း ပြောင်းရွှေ့ခန့်အပ်ကြောင်း သိရှိရသည်။




