ရန်ကုန်၊ မတ် ၄
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သဲမဲရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ပေါင်းတည်မြို့နယ်၊ ပေါက်တောရွာရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၀ တပ်ရင်းထဲမှ နယ်မြေရှင်းရေးလုပ်ဆောင်ရန် အင်အား ၅ဝ ခန့်ဖြင့်ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သဲမဲရွာဘက်သို့စစ်ကြောင်းထိုးလာကြောင်း သိရသည်။
ထိုသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက သဲမဲရွာတောင်ဘက်ရှိ ကြံခင်းကြောအရောက်ရှိတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ပွဲချင်းပြီးသေဆုံးကာ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သောကြောင့် သဲမဲရွာအတွင်း ကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး နွား ၃ ကောင် ထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။
တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုရှိခဲ့သော စစ်တပ် စစ်ကြောင်းသည် နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နိုင်ခြင်းမရှိတော့ဘဲ သေဆုံးသွားသော စစ်သား အလောင်းများနှင့် ပြင်းထန်ဒဏ်ရာရရှိသော စစ်သားများကို သယ်ဆောင်၍ ခမရ ၁၀ တပ်ရင်းထဲသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
“စစ်ခွေးစစ်ကြောင်းက ခမရ ၁၀ တပ်ရင်းထဲကနေ နယ်မြေရှင်းရေးလုပ်ဆောင်ဖို့ဆိုပြီး အင်အား ၅ဝ လောက်နဲ့ သဲမဲရွာဘက်ကို စစ်ကြောင်းထိုးလာတာကို ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက သဲမဲရွာတောင်ဘက်မှာရှိတဲ့ ကြံခင်းကြော အရောက်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပေါ့။ တိုက်ခိုက်မှုအတွင်းမှာ မျက်မြင်စစ်ခွေး ၂ ကောင်သေတယ်။ ဒဏ်ရာရတာလည်း ၃ ကောင်လောက်ရှိတယ်။ အဲခွေးစစ်ကြောင်းက ရှေ့ကို ဆက်မတက်နိုင်တော့လို့ အလောင်းကောက်ပြီး ပြန်ဆုတ်သွားတယ်” ဟု ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ ၂၁ ကွပ်ကဲမှု အောက်ရှိ ပြည်ခရိုင်တပ်ရင်း ၁ တပ်ခွဲ ၃ မှ ရဲဘော်များ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ကရင်နီပြည်တွင် မိုင်းဆွဲခံထားရသော စစ်ကား ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




