32 C
Yangon

ဝက်လက်နှင့် ပခုက္ကူမြို့နယ် တို့တွင် စစ်တပ်က ကျေးရွာ ၄ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီး၊ ပြည်သူများလည်း ရွာလုံးကျွတ် တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ မတ် ၄

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကြောင်းထိုးပြီး ကျေးရွာများ၌ တပ်စွဲထားသော စစ်တပ်က ကျေးရွာ ၂ ခုကို ဆက်တိုက် မီးရှို့နေကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ သစ်ဆိပ်ရွာနှင့် ကူကြီးရွာ အတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပျက်စီးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ပြည်သူများလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

ယနေ့ မတ်လ ၄ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က သစ်ဆိပ်ရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်း ဆက်လက် တပ်စွဲထားဆဲဖြစ်ကြောင်း သိရှိရသည်။

“ဝက်လက်မြို့နယ်အတွင်းမှာရောက်နေတဲ့ စစ်ကြောင်းက ကျေးရွာတွေကို မီးရှို့နေတာ နေအိမ်ဘယ်လောက် မီးလောင်ပျက်စီးတယ်ဆိုတာတော့ မသိရသေးဘူး။ အဲစစ်ခွေးစစ်ကြောင်းက တော်တော်ကြာနေပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပိုင်းတည်းက ဝက်လက်မြို့နယ် အတွင်းပတ်ထိုးနေတာ ပြည်သူတွေ ဖမ်းဆီးခံရတယ်လို့တော့ မကြားမိသေးဘူး။ စစ်ခွေးတွေက နေ့စဉ် ကျောက်မြောင်း ခမရ-၁၂ ကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ အသေခံ ဒရုန်းတွေနဲ့လည်း ကျဲနေတယ်။ သစ်ဆိပ်ရွာထဲက စစ်ခွေးတွေကလည်း ဒရုန်းတွေနဲ့ ဆက်လက်ကို ကျဲနေတာတွေတော့ရှိတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ စတင်ပြီး ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ထုံးဘိုရွာ ၊ ရှားကွဲရွာ ၊ ရေဂမိုးရွာ ၊ ရွာသစ်ရွာ ၊ လှေပိုဆိပ်ရွာ နှင့် သစ်ဆိပ်ရွာတို့၌ တပ်ဖြန့်ကာ တပ်စွဲထားသောကြောင့် ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ရေလာကြီးရွာနှင့် ရေလာလေးရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ၂ ရက်ဆက် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မတ်လ ၃ ရက်နေ့နှင့် ယနေ့ ၄ ရက်နေ့တို့တွင် ပခုက္ကူမြို့နယ်၊ ရေလာကြီးရွာနှင့် ရေလာလေးရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့ပြီး အရေအတွက် အတိအကျကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ပခုက္ကူနယ်ထဲက ရေလာကြီးနဲ့ ရေလာလေးရွာတွေကို စစ်ခွေးတွေက ၂ ရက် မီးရှို့သွားတာ အဲစစ်ခွေးစစ်ကြောင်းက ညောင်ဂျစ်ပင်ပျူစောထီးရွာကနေ ထွက်လာတာ ပြည်သူတွေလည်း အဲရွာတွေက စစ်ခွေးတွေ ခဏခဏ စစ်ကြောင်းထိုးလာလေ့ရှိတော့ ပြည်သူတွေလည်းမနေရဲကျဘူး။ အကုန်တိမ်းရှောင်နေရတာကြာပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

Photo – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာ တစ်ရွာကို အကြမ်းဖက် စစ်တပ်က ညအချိန် မီးရှို့ ဖျက်ဆီးနေစဥ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article