ရန်ကုန်၊ မတ် ၅
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က နဘူးအိုင်ကျေးရွာ ဘုန်းကြီးကျောင်းသို့ ဒရုန်းဖြင့် ဗုံးကျဲခြင်းကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယမန်နေ့ မတ်လ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ဘုန်းကြီးကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲခဲ့ရာတွင် အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၃၅ နှစ်အမျိုးသမီး ၁ ဦး၊ သက်ကြီးပိုင်း အဘွားအို ၂ ဦး တို့ သေဆုံးကာ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“နဘူးအိုင်ရွာ အနောက်ဘက်နား တောဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေကြရင်း ဒရုန်းနဲ့ ဗုံးကျဲခံရတာ အားလုံး ၄ ဦး သေတာ။၄ ဦးလုံး နဘူးအိုင်ရွာသူ စစ်ရှောင်တွေ။ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ ကျဲသွားတာပါ။ စစ်ရှောင်တွေက ဘုန်းကြီးကျောင်းထဲ စုနေကြတာ “ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မြောက်ပိတောက်ကုန်းကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး နေအိမ် ၂၀လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် ပုလဲမြို့နယ် မြောက်ပိတောက်ကုန်းကျေးရွာသို့ လေကြောင်းတိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် မြောက်ပိတောက်ကုန်းကျေးရွာ ပြည်သူ ၂ ဦးသေဆုံးကာ နေအိမ် ၂၀ လုံး ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
“မနေ့ နေ့လယ် ၂ နာရီလောက်က ပုလဲမြို့နယ် မြောက်ပိတောက်ကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်သွားတာပါ။ ဖိုက်တာနဲ့ ပတ်ပြီး ပစ်သွားတာ။ အဲဒါက အဘိုးနဲ့ အဘွား ၂ ဦးအိမ်ထဲမှာသေဆုံးတယ်။ မီး လောင်ပြီးတော့ အိမ်ကတော့ ပြီးလောင်တာဆိုတော့ နေအိမ် ၂၀လုံးလောက် ပျက်စီးသွားတယ်။ သေဆုံးသွားတဲ့ သက်ကြီး ၂ ဦးကတော့ မြောက်ပိတောက်ကုန်းကျေးရွာပါ”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။






