ရန်ကုန်၊ မတ် ၅
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ မြသာယာရပ်ကွက်တွင် ကလေးငယ် ၂ ဦးအပါအဝင် မိသားစု ၆ ဦး ရက် ရက်စက်စက် သတ်ဖြတ်ခံလိုက်ရသည့် ၆ လောင်းပြိုင် လူသတ်မှုဖြစ်ပွားကြောင်း ဟိုပင်မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
ယမန်နေ့ မတ်လ ၄ ရက်နေ့ ညပိုင်းအချိန် ဟိုပင်မြို့၊ မြသာယာရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် လင်မယား ၂ ဦး၊ ခင်ပွန်းဖြစ်သူ၏ ညီ ၁ ဦး၊ အိမ်ဖော်အမျိုသမီး ၁ ဦးနှင့် အသက် ၁၀ နှစ်အောက် ကလေး ငယ် ၂ ဦးတို့ကို အမည်မသိ လူတစ်စုက အုပ်စုဖွဲ့ကာ ပုဆိန်၊ ဓားများဖြင့် ခုတ်သတ်သွားကြောင်း၊ ထိုသို့ ရက်ရက် စက်စက် သတ်ဖြတ်မှုသည် မည်သည့်ကိစ္စကြောင့် သတ်ဖြတ်သည်ကို သိရှိရခြင်း မရှိသေးကြောင်း သိရသည်။
“ဖြစ်တာက မနေ့ညက ဖြစ်တာ၊ သိကြရတာက ဒီနေ့မနက်မှ သိရတာ။ ပုဆိန်တွေ၊ ဓားတွေနဲ့ခုတ် သတ်သွားတာ၊ သူတို့လင်မယားကလည်း အမြဲတမ်း စကားများ နေကြဆို တော့ ပတ်ဝန်းကျင်တွေ ကလည်း စကားများရန်ဖြစ်နေကြတယ်လို့ ထင်တာ၊ ဖြစ်တဲ့ အချိန်က ကယ် ကြပါအုံးဘာညာ အသံ ကြားလိုက်ပေမယ့် ရပ်ကွက် စကားများနေကြတယ်လို့ပဲ ထင်လိုက်တာ။ လင်မယား ၂ ယောက်ရယ်၊ ယောက်ျားဖြစ်သူရဲ့ ညီ၊ ပြီးတော့ အိမ်ဖော်အမျိုးသမီး၊ ပြီးတော့အသက် ၁၀ နှစ်အောက် ကလေး ၂ ယောက်၊ အားလုံး ၆ ယောက်အသတ်ခံလိုက်ရတာ။” ဟု ဟိုပင်မြို့မှ ပြည်သူက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
သတ်ဖြတ်ခံရသူ အိမ်ထောင်ဦးစီးအမျိုးသားသည် ဟိုပင်မြို့နှင့် ဆယ်စင်း -ဖားကန့်မြို့ကို ကုန်ကား မောင်းသူတစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူမှာ ခင်ပွန်းဖြစ်သူနှင့်အတူ ဆယ်စင်းအထိလိုက်ကာ သစ်သီးများ ရောင်းချသည့်အပြင် ဟိုပင်မြို့တွင်လည်း သစ်သီးများရောင်းချနေသူဖြစ်ကြောင်း သိရသည်။
“ဒီကိစ္စကတော့ အဖွဲ့လိုက်လုပ်တာလို့ ရပ်ကွက်ထဲကတော့ခန့်မှန်းနေကြတယ်။ ရန်ငြိုးရန်စကြောင့်လား၊ ဓားပြတိုက်တာပဲလားဆိုတာတော့ စဉ်းစားစရာဖြစ်နေသေးတယ်။ သေဆုံးသူတွေရဲ့ လက်ဝတ်လက် စားတွေဖြုတ်ယူခံရတာမျိုးရှိ၊ မရှိလည်း မသိရသေးတော့ ဓားပြတိုက်ခံရတာလား၊ ရန်ငြိုးရန်စ ကြောင့် လားဆိုတာ ပြောရခက်နေတယ်။ တစ်မိသားစုလုံးကို ရှင်းပစ် လိုက် တာ ဆိုတော့ ရန်ငြိုးရန် စကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်ရတယ်” ဟု ဟိုပင်မြို့ခံပြည်သူက သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် သက်ဆိုင်ရာဒေသအာဏာပိုင်များက အဆိုပါ အမှုကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။





