ရန်ကုန်၊ မတ် ၅
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်အတွင်းရှိ စစ်သုံ့ပန်းအကျဉ်းတစ်ခုကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၈ နှစ်အရွယ် မိန်းကလေး အပါအတင် ၅ ဦးသေဆုံးခဲ့ကြောင်း ကရင်နီ ပြည်ကြားကာအုပ်ချုပ်ရေးကောင်စီ – IEC အထွေထွေအတွင်းရေးမှူး ၂ ဗညားခွန်းအောင်က ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ မတ်လ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်က မယ်စဲ့မြို့နယ်တောင်ဖက်ခြမ်းရှိ BP 13 ကုန်သွယ် ရေးဇုံရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို အကြမ်းဖက်စစ်တပ်က Y12 ထောက်ပို့လေယာဉ်တစ်စီးဖြင့် ကင်း ထောက်ပျံဝဲပြီးနောက် ဂျက်ဖိုက်တာဖြင့် ဗုံး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးအပါအဝင် အမျိုးသမီး ၄ ဦး၊ အမျိုးသား ၁ ဦး စုစုပေါင်း ၅ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။
“ဒီမနက် ၁၁ နာရီ ၁၅ မိနစ်လောက်မှာ ကျဲသွားတာပါ။ ဂျက်ဖိုက်တာနဲ့ပါပဲ၊ စင်တာအနီးအနား စုစု ပေါင်း ၃ နေရာကို ဗုံးကျဲသွားတာပါ။ အမျိုးသမီး ၄ ဦးအပါအဝင် ၅ ဦးသေဆုံးပါတယ်။ အမျိုးသမီး ၄ ဦးထဲမှာ အသက် ၈ နှစ်အရွယ် သမီးလေးပါပါတယ်” ဟု ကရင်နီ ပြည်ကြားကာအုပ်ချုပ်ရေးကောင်စီ – IEC အထွေထွေအတွင်းရေးမှူး ၂ ဗညားခွန်းအောင်က ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါ စစ်သုံ့ပန်းအကျဉ်းထောင်သည် ဖားဆောင်းမြို့တိုက်ပွဲအတွင်း ဖမ်းဆီးရရှိထားသည့် စစ် ကော်မရှင်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များကို ထိန်းသိမ်းထားသည့် အကျဉ်းစခန်းတစ်ခုဖြစ်ပြီး လက်ရှိ အချိန်အထိလည်း နမ့်ဆန်လေတပ်မှ ဂျက်ဖိုက်တာများဖြင့် ပျံဝဲနေသလို Y12 ကင်းထောက်လေ ယာဉ်များလည်း ပျံဝဲကာနေသေးကြောင်း သိရသည်။




