28 C
Yangon

ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ဘက်ကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ဖြစ်ပွားနေ၊ ကျေးရွာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများကိုလည်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ဘက်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး ကျေးရွာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများကိုလည်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ရန်အတွက် ကော့ကရိတ်မြို့နယ် မြောက်ခြမ်း ဒေါနတောင်ဘက်ရှိ အောက်ဘိုတဲအနီးကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကျဲပြီး မတ်လ ၁ ရက်နေ့မှ စတင်၍ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ မတ်လ ၁ ရက်နေ့တွင် အောက်ဘိုတဲအနီးရှိ ချောင်းရိုးဘက်တွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ပွဲဖြစ်ပွားရာ နေရာကိုလည်း ကော့ကရိတ်ဘက်မှ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ကျေးရွာဘုန်ကြီးကျောင်းနှင့် စာသင်ကျောင်းများအနီး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

မတ်လ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နောက်ကိုင်းနှင့် ထိဖာလဲ ဘက်ထိ တိုးလာသောကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းထိတွေ့ တိုက်ပွဲများသည် ယနေ့ မတ်လ ၅ ရက်နေ့ထိ နှစ်ဖက် ပစ်ခတ်မှုရှိနေသေးပြီး စစ်တပ် စစ်ကြောင်းကလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နိုင်ရန်အတွက် အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“ကော့ကရိတ်မြောက်ပိုင်း တိုက်ပွဲက မတ်လပိုင်းကစပြီး နေ့တိုင်းနီးပါးကို ဖြစ်နေတာ တိုက်ပွဲအတွင်းမှာ စစ်ခွေးတွေ အထိနာလို့ လေယာဉ်နဲ့ကျဲတာတွေလည်း လုပ်နေတယ်။ တိုက်ပွဲက ဒီနေ့ထိရှိသေးတယ်။ အရမ်းကြီးတော့ မပြင်းထန်ပေမယ့် ပစ်ခတ်မှုတွေကတော့ ရှိနေတုန်းပဲ စစ်ခွေးတွေ အင်အား ထပ်ဖြည့်ပြီး ထပ်တိုးလာရင်တော့ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလပိုင်းမှစ၍ မြဝတီ-ကော့ကရိတ် ဒေါနတောင်ပေါ်လမ်းဟောင်းနှင့် ကော့က ရိတ်မြောက်ပိုင်းရှိ ကျေးရွာများကို ထိန်းချုပ်နိုင်ရေးအတွက် DKBA ဗိုလ်ဘိအဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး အကြိမ်ကြိမ် တပ်ပျက်နေသော်လည်း စစ်မှုထမ်း တပ်သားသစ် အများအပြားကို အသုံးပြုကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article