ရန်ကုန်၊ မတ် ၅
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်တပ်က ခရီးသွားကား ၁ စီးကို ပစ်ခတ်ရာ အသက် ၄၆ နှစ်အရွယ် အမျိုးသမီး ၁ ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၄ ရက်နေ့တွင် မုံရွာ-မန္တလေး လမ်းပိုင်း၌ ခရီးသွားပြည်သူများ လိုက်ပါလာသော JK KING ယာဉ်လိုင်းကားကို အကြမ်းဖက် စစ်တပ်က သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်မှုကြောင့် ယာဉ်လိုင်းကားပေါ် လိုက်ပါလာသည့် မုံရွာမြို့ပေါ်တွင် နေထိုင်သော အသက် ၄၆ နှစ်အရွယ် အမျိုးသမီး ၁ ဦး လည်ပင်းတွင် ကျည်ဖောက်ထွက် ဒဏ်ရာရရှိကာ နမခ စစ်ဆေးရုံကို ပို့ဆောင်ကုသခဲ့သော်လည်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သေဆုံးသူ၏ ရုပ်အလောင်းကို မုံရွာမြို့ပေါ်ရှိ ကျန်ရစ်သူ မိသားစုများထံ မုံရွာ-မန္တလေး လမ်းပိုင်း လုံခြုံရေးတာဝန်ယူထားသော ဗိုလ်မှူး တစ်ဦးက ရပ်ကွက်တစ်ခုလုံး မီးဖျက်ပြီး ညအချိန်မှ လာရောက်ပို့ဆောင်ခဲ့ကြောင်း၊ ထို့ပြင် ပစ်ခတ်မှုနှင့် ပတ်သက်၍လည်း မိသားစုဝင်များက ကြေအေးကြောင်းလည်း လက်မှတ်ရေးထိုးခိုင်းခဲ့သည်ဟု သိရသည်။
“မတ်လ ၄ ရက်နေ့က မုံရွာ-မန္တလေ လမ်းပိုင်းမှာ ခရီးသွားကားကို စစ်ခွေးတွေက ပစ်ခတ်လို့ မုံရွာမြို့ပေါ်မှာ နေထိုင်တဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသမီး ၁ ဦး လည်ပင်း ကျည်ဖောက်ဝင် ဒဏ်ရာရပြီး နမခကို ပို့ဆောင် ကုသပေးမယ့် သေဆုံးသွားတယ်။ အဲဒီလမ်းပိုင်းကို တာဝန်ယူထားတဲ့ စစ်ကြောင်းက ဗိုလ်မှူး ၁ ဦးက ရပ်ကွက်ထဲ မီးဖျက်ပြီး မိသားစုထံ အလောင်းလာအပ်တယ်။ ပြီးတော့ ကြေအေးပေးဖို့လည်း လက်မှတ်ထိုးခိုင်းခဲ့တယ်” ဟု ဒေသပြည်သူများက ပြောဆိုသည်။
ထို့ပြင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က နံ့သာမြိုင်ရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို ဝင်ရောက် ဖျက်ဆီးသွားကြောင်း Wetlet Informational Network အဖွဲ့မှ တာဝန်ရှိသူနှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။
မတ်လ ၄ ရက်နေ့တွင် မတ္တရာမြို့နယ်အတွင်း ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နံ့သာမြိုင်ရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို ဝင်ရောက်ဖျက်ဆီးပြီး နေအိမ်ထဲရှိ ပစ္စည်းများကိုလည်း ရိုက်ချိုးဖျက်ဆီးသွားကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ကျေးရွာနေပြည်သူများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရပြီး ပျက်စီးမှု အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“စစ်ခွေးတွေက မနေ့က ညနေပိုင်းမှာ ရွာထဲဝင်ပြီး နေအိမ်တွေကို ဖျက်ဆီးသွားတာ ပျက်စီးမှု အသေးစိတ်ကိုတော့ မသိရသေးဘူး။ ရွာထဲကိုလည်း ဘယ်သူမှ သွားမကြည့်ရဲကျဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။




