31 C
Yangon

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများက ထိုင်းဘတ်ငွေ ၆ ဘီလီယံကျော်တန်ဖိုးရှိ ကွန်ဒိုတိုက်ခန်း ၂၀၀၀ နီးပါး ဝယ်ယူပြီး ဒုတိယအများဆုံးဝယ်ယူသော နိုင်ငံခြားသားများ ဖြစ်လာ

Must read

ရန်ကုန်၊ မတ် ၆

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများက ထိုင်းဘတ်ငွေ ၆ ဘီလီယံကျော်တန်ဖိုးရှိ ကွန်ဒိုတိုက်ခန်း ၂၀၀၀ နီးပါး ဝယ်ယူပြီး ဒုတိယအများဆုံးဝယ်ယူသော နိုင်ငံခြားသားများ ဖြစ်လာကြောင်း ထိုင်းနိုင်ငံ အိမ်ခြံမြေသတင်းအချက်အလက်ဗဟိုဌာန (REIC)ထံမှ သိရှိရသည်။

ယမန်နှစ် ၂၀၂၅ ခုနှစ် တစ်နှစ်လုံး မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံရှိ ကွန်ဒိုအခန်းပေါင်း ၁,၉၆၈ ခန်း ဝယ်ယူခဲ့ပြီး ယင်းဝယ်ယူမှုပမာဏမှာ ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၄၁ ဒသမ ၈ ရာခိုင်နှုန်းအထိ အားကောင်းစွာ မြင့်တက်လာကြောင်း၊ မြန်မာနိုင်ငံသားများ ဝယ်ယူသည့် ကွန်ဒိုအခန်းပေါင်း တန်ဖိုးမှာ ထိုင်းဘတ်ငွေ ၆ ဒသမ ၁၆ ဘီလီယံ သာ ရှိသဖြင့် ၂၀၂၄ ခုနှစ်ထက် ၁၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း၊ ထိုသို့ ဖြစ်ရခြင်းမှာ ဈေးနှုန်းအသင့်အတင့်ရှိသော အခန်းများကို ပိုမိုဝယ်ယူလာကြခြင်းကြောင့် ဖြစ်နိုင်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသားများ အဓိက စုပြုံဝယ်ယူကြသည့် နေရာများမှာ ကွန်ဒိုများမှာ ဘန်ကောက် (Bangkok)၊ စမွတ်ပရာကန် (Samut Prakan) နှင့် ချင်းမိုင် (Chiang Mai) မြို့များ ဖြစ်ကြောင်း၊ ထိုင်းကွန်ဒိုဈေးကွက်တွင် တရုတ်နိုင်ငံသားများ အများဆုံးဝယ်ယူသူအဖြစ် ဆက်လက်ရပ်တည်နေပြီး မြန်မာနိုင်ငံသားများ ဒုတိယနေရာသို့ ရောက်ရှိလာကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ၏ ကွန်ဒိုမီနီယံဈေးကွက်တွင် နိုင်ငံခြားသားဝယ်ယူမှုများသည် အဓိကမောင်းနှင်အားအဖြစ် ဆက်လက်ရှိနေပြီး ၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံသားများက ပထမနေရာတွင် ဆက်လက်ရပ်တည်နေသော်လည်း မြန်မာနိုင်ငံသား ဝယ်ယူသူများသည် သိသိသာသာ မြင့်တက်လာကာ ဒုတိယနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ အိမ်ခြံမြေသတင်းအချက်အလက်ဗဟိုဌာန (REIC) ၏ ယာယီညွှန်ကြားရေးမှူး Narongpol Prabhanirin ၏ ပြောကြားချက်အရ ၂၀၂၅ ခုနှစ် တစ်နှစ်လုံးစာ စာရင်းများအရ နိုင်ငံခြားသားများက ကွန်ဒိုအခန်းပေါင်း ၁၄,၈၉၉ ခန်း ဝယ်ယူခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၂ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ သို့သော် လည်း ကွန်ဒိုရောင်းချရမှု တန်ဖိုးမှာ ထိုင်းဘတ် ၆၀ ဒသမ ၉၂ ဘီလီယံသာ ရှိခဲ့သဖြင့် ၂၀၂၄ ခုနှစ်ထက် ၁၀ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း၊ နိုင်ငံခြားသားပိုင်ဆိုင်မှုသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှဲပြောင်းသမျှ ကွန်ဒိုအခန်းအရေအတွက်၏ ၁၄ ဒသမ ၇ ရာခိုင်နှုန်းနှင့် စုစုပေါင်းတန်ဖိုး၏ ၂၅ ရာခိုင်နှုန်း ရှိကြောင်း၊ ထိုင်းနိုင်ငံဥပဒေအရ နိုင်ငံခြားသားများသည် ကွန်ဒိုစီမံကိန်းတစ်ခု၏ စုစုပေါင်းဧရိယာ ၄၉ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်ရှိကြောင်း သိရှိရသည်။

နိုင်ငံခြားသားများ ဝယ်ယူမှုအများဆုံး နေရာ ၁၀ ခုမှာ ဘန်ကောက်မြို့တွင် ကွန်ဒို အခန်းပေါင်း ၇,၀၂၉ ခန်း တန်ဖိုးအားဖြင့် ထိုင်းဘတ် ၃၅.၃၉ ဘီလီယံ၊ ချွန်ဘူရီတွင် ကွန်ဒို အခန်းပေါင်း ၄,၁၆၄ ခန်း တန်ဖိုးအားဖြင့် ထိုင်း ဘတ် ၁၁ ဒသမ ၅၉ ဘီလီယံ၊ ဖူးခက်တွင် ကွန်ဒို အခန်းပေါင်း ၁,၁၉၀ ခန်း တန်ဖိုးအားဖြင့် ထိုင်းဘတ် ၆ ဒသမ ၀၉ ဘီလီယံ ရှိကြောင်း၊ အခြားပြည်နယ်များအဖြစ် ချင်းမိုင်၊ ပရာကျွတ်ခီရီခန်၊ စမွတ်ပရာကန်၊ စူရတ်ဌာနီ၊ ရာယောင်း၊ ဖက်ချ်ဘူရီ နှင့် နွန်သဘူရီ တို့ တွင်လည်း ကွန်ဒိုအခန်းများ ဝယ်ယူကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတွင် တရုတ်နိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုနှုန်း ကျဆင်းသွားသော်လည်း အများဆုံးဝယ်ယူသူအဖြစ် ဆက်လက်ရှိနေကြောင်း၊ ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံသားများက အခန်းပေါင်း ၄,၉၄၀ ခန်း ဝယ်ယူခဲ့ပြီး ယခင်နှစ်ထက် ၁၂ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ တန်ဖိုးအားဖြင့်လည်း ၃၀ ရာခိုင်နှုန်း ကျဆင်းကာ ထိုင်းဘတ်ငွေ ၁၈ သမ ၅၉ ဘီလီယံသာ ရှိခဲ့ကြောင်း၊ သို့သော်လည်း တရုတ်နိုင်ငံသားများက နိုင်ငံခြားသားဝယ်ယူမှု စုစုပေါင်း၏ ၃၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားဆဲ ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတွင် ရုရှားနိုင်ငံသားများက ကွန်ဒို အခန်းပေါင်း ၁,၁၇၂ ခန်း ဝယ်ယူပြီး တတိယနေရာတွင် ရှိနေကာ ဝယ်ယူမှုတန်ဖိုးမှာ ၃၀ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း၊ အခြားသော အဓိကဝယ်ယူသည့် နိုင်ငံများတွင် ထိုင်ဝမ်၊ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ အိန္ဒိယနှင့် စင်ကာပူတို့ ပါဝင်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံသားများ ဝယ်ယူမှုကျဆင်းရခြင်းမှာ တရုတ်အစိုးရ၏ ပြည်ပငွေစီးထွက်မှုအပေါ် တင်းကျပ်စွာ ထိန်းချုပ်ခြင်းနှင့် ထိုင်းအစိုးရက တရားမဝင် ငွေမည်းစီးဆင်းမှုများကို တားဆီးရန် တင်းကျပ်သော အစီအမံများ ချမှတ်ခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း REIC ညွှန်ကြားရေးမှူးက သုံးသပ်သည်။

ထို့ကြောင့် လက်ရှိဝယ်ယူနေသူများမှာ အမှန်တကယ် နေထိုင်ရန်၊ ငှားရမ်းရန် သို့မဟုတ် ရေရှည်စီးပွားရေးအတွက် ဝယ်ယူသူများသာ ကျန်ရှိတော့ကြောင်းနှင့် ၂၀၂၆ ခုနှစ်သို့ ကူးပြောင်းရာတွင် ထိုင်းကွန်ဒိုဈေးကွက်မှာ ပိုမိုခိုင်မာအားကောင်းလာမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article