ရန်ကုန်၊ မတ် ၆
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ရွာ ဘုန်းကြီးကျောင်းတွင် နေရာယူထားသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံးကာ သေနတ် ၂ လက် သိမ်း ဆည်းရမိခဲ့ကြောင်း People’s Defence Force- မြိတ်ခရိုင်တပ်ရင်း၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ရွာ ဘုန်းကြီးကျောင်းတွင်နေရာယူထားသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိအပါအဝင် ၄ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၃ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေး သေစာရင်း ထပ်တိုးသေဆုံးတာမျိုး သေချာထပ်မသိရဘူး။ ခြောက်မိုင်ရွာ ဘုန်းကြီးကျောင်းမှာ နေရာယူထားတဲ့ စစ်ခွေး အင်အားက ၆၀ လောက်ရှိတယ်။ အရာရှိ အပါအဝင် ၄ ဦးသေဆုံးတာ ရဲဘော်တွေ မျက်မြင်လို့ပြောလို့ရတယ်”ဟု People’s Defence Force- မြိတ်ခရိုင်တပ်ရင်း၂ မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင် တပ်ရင်း ၂ တပ်ခွဲ ၁ ၊ မြိတ်ခရိုင် တပ်ရင်း ၃ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၊ မတ်လ ၅ ရက်နေ့ နယ်မြေရှင်းလင်းရေးဆောင်ရွက် နေစဉ် အကြမ်းဖက် စစ်တပ်ဘက်ကလည်း ဒရုန်းဖြင့် ဆက်လက်တိုက်ခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Area71LPDF Monywa ( မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး မိုင်းတပ်ဖွဲ့) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၅ ရက်နေ့ ညပိုင်း ၇ နာရီခန့်တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီသို့ ပို့ဆောင်မည့် အက်ဆစ်တင် တွဲကားတန်းနှင် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) သို့ ပို့ဆောင်မည့် ခဲယမ်းရိက္ခာ သယ်ဆောင်လာသော ၁၂ ဘီးကားတန်းကို တော်လှန်ရေးတပ်ဖွဲ့များက ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် ပဒေသာ မိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း စစ်ယာဉ်တန်း၏ ၄ စီးမြောက်ကားကို ထိမှန်ခဲ့ပြီး ကားခေတ္တရပ်တန့်သွားချိန် လမ်းပိုင်း လုံခြုံရေးကင်းယူထားသော စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
“စစ်ခွေး သေဆုံးမှုရှိမရှိကို တော့ ကျနော်တို့အတည်မပြုနိုင်သေးဘူး။ ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Area71LPDF Monywa ( မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး မိုင်းတပ်ဖွဲ့) မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို Area71LPDF Monywa ( မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး မိုင်းတပ်ဖွဲ့) ၊ တောကျွဲကြီး ပြောက်ကြားတပ်ဖွဲ့နှင့် Golden Peacock Attack Force အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။




