ရန်ကုန်၊ မတ် ၆
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် ပုဒ်မ၅၀ (ည) ၊ ပုဒ်မ ၅၂ (က) ဖြင့် ဖမ်းဆီးခံထားရပြီး ပြန်လည် လွတ်မြောက်ခြင်းမရှိသော နိုင်ငံရေးအကျဉ်းသား ၃၀၀၀ ဦးကျော် ကျန်ရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
မတ်လ ၂ ရက်နေ့စစ်တပ်က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က) ဖြင့် ပြစ်ဒဏ်ကျခံနေသူ ၇၃၃၇ ဦးလွတ်ငြိမ်းသက်သာခွင့်ပေးပြီး တရားစွဲဆိုထားသူ ၁၂၄၈၇ ဦးကို အမှုရုပ်သိမ်းကြောင်း ကြေညာခဲ့သော်လည်း မတ်လ ၄ ရက်နေ့ ည ၈ နာရီအချိန်အထိ စောင့်ကြည့်ချက်အရ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားစုစုပါင်းမှာ ၄၄၀၃ ဦးသာရှိပြီး ပုဒ် ၅၀ (ည)၊ ပုဒ်မ ၅၂ (က)ဖြင့် အကျဉ်းချခံထားရသူ ၃၀၀၀ ကျော် မလွတ်မြာက်သေးကြောင်း သိရှိရသည်။
ထို့ပြင် ဒိုက်ဦးအကျဉ်းထောင်တစ်ခုတည်းတွင် လွတ်ရမည့် လူ ၂၅၀ ဝန်းကျင်ခန့် ရှိသော်လည်း လက်ရှိအချိန်အထိ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ ၂၀၀ ဦးကျော်မှာ လွတ်မြောက်ခြင်း မရှိဘဲ ဆက်လက် အကျဉ်းချခံထားရဆဲဖြစ်ကြောင်း၊ မြင်းခြံထောင်၊ ပေါင်းတည်ထောင်၊မအူပင်ထောင်၊အိုးဘိုထောင်၊အင်းစိန်ထောင်နှင့် အကျဉ်းထောင်အများစုတို့တွင်လည်း ပုဒ်မ ၅၀(ည)၊၅၂(က) ဖြင့် ဖမ်းဆီးခံထားရသူများလွတ်မြောက်လာခြင်းမရှိကြောင်း သိရှိရသည်။
“လက်ရှိမှာဆိုရင် ဒိုက်ဦးအကျဉ်းထောင် ၊ အင်းစိန်၊ သာယာဝတီ၊ မန္တလေး အိုးဘို၊ မြင်းခြံ မြန်မာနိုင်ငံ အကျဉ်း ထောင်အသီးသီးမှာ ၅၂ က၊ ၅၀ ည နဲ့ ဖမ်းဆီးခံထားရသူတွေ အများအပြားကျန်ရှိနေဆဲဖြစ်ပါတယ်။ ၃၀၀၀ ကျော်လောက်လွတ်ဖို့ ကျန်သေးတယ်ဆိုတာကို ခိုင်ခိုင်မာမာ ပြောနိုင်ပါတယ်။ သူတို့က ၇၀၀၀ ကျော် လွှတ်ပေးမယ်ဆိုပြီးတော့ အခုအချိန်အထိ ၇၀၀၀ မပြည့်သေးဘူးဆိုတာ ပြောလို့ရတယ်။ သူတို့ လွှတ်ပေးမယ်လို့ ပြောတဲ့အထဲက အနည်းဆုံး ၃၀၀၀ ကျော်လောက်က လွတ်မြောက်လာခြင်း မရှိသေးဘဲ ထောင်ထဲမှာ ဆက်လက်အကျဉ်း ချခံထားရဆဲဖြစ်ပါတယ်။ နိုင်ငံတကာအနေနဲ့ စကားလုံးတွေနဲ့ ပြောပြီး လက်တွေ့မှာ လွတ်လာခြင်းမရှိတာကို မေးခွန်းထုတ်ကြဖို့လိုတယ်။ ပြည်သူလူထုအနေနဲ့လည်း ဝိုင်းဝန်းပြီးမှ နိုင်ငံရေးအကျဉ်းသားလွတ်မြောက် ရေးကို ပိုပြီးအားစိုက်တောင်းဆိုရေး တိုက်တွန်းလိုပါတယ်” ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
PPNM အနေဖြင့် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂(က) ဖြင့် အကျဉ်းကျခံနေရသည့် နိုင်ကျဉ်းများအား ချက်ချင် ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် အခြားနိုင်ငံရေး ပုဒ်မများဖြင့် ဖမ်းဆီးခံထားရသူ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်ပေးရန် တောင်းဆိုထားသည်။
ဓာတ်ပုံ- AFP။




