ရန်ကုန်၊ မတ် ၆
မကွေးတိုင်း၊ အောင်လံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် ကျေးရွာ ၁၀ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အောင်လံလူထုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယမန်နေ့ မတ်လ ၅ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် အောင်လံမြို့နယ်၊ ဒါန်းဒေါင့်ကျေးရွာ အရှေ့ တောင် ဘက်ရှိ ဘွက်ကြီးတံတားထိပ်တွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကိုးတောင်ကျေးရွာကို လက်နက်ကြီးများဖြင့် ၈ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း လက်နက်ကြီးကျည်များ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခြင်းမရှိသောကြောင့် ပြည်သူများ ထိခိုက်မှုမရှိကြောင်း၊ ယင်းနေ့ မွန်းလွဲပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က ကုတင်ကြီးကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ရွာပြင်ဘက်ကို ကျည်များထပ်မံ ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ် တိုက်ခိုက်နေခြင်းကြောင့် အောင်လံမြို့နယ်ရှိ ဆင်တုတ် (ချင်းကုန်းကြီး)၊ အင်းတော်သာ၊ အင်းရွာကြီး၊ ဒါးစမ်း၊ ကန်စွန်းအင်း၊ ကျောက်ဆောင်း၊ ကိုးတောင်၊ တလုတ်ပင်၊ တုံးကြို့ (ကျောက်ပုံ)၊ ကုတင်ကြီးကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၁၁ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“လူနှင့်လူနေအိမ် အသက်ဆုံးရှုံးမှုမရှိဘူး။ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပါဘူး။ စစ်ခွေးတွေက အမည်းရောင်နယ်မြေသတ်မှတ်ထားတဲ့ ကျေးရွာတစ်ခုပါ။ တော်လှန်ရေးစိုးမိုးနယ်မြေဖြစ်နေလို့။ စစ်ခွေးတွေက ဝင်လိုက် တော်လှန်ရေးတပ်တွေက ဝင်လိုက်ဖြစ်နေတဲ့ ဒေသပါ။ ပြည်သူတွေအနေနဲ့က သတိအနေထားတစ်ခုပေါ့ အရင်ကလည်းဒါမျိုးဖြစ်စဥ်တွေကြုံဖူးထားတော့ ဖြစ်တာနဲ့ခဏ ရှောင်တိမ်းပြီး ပြန်ဝင်လာရတာပါပဲ။ စစ်ခွေးတွေက ပြည်သူကို ရန်သူလို သဘောထားနေသရွေ့ကတော့ ပြည်သူတွေ အမုန်းကိုခံနေရအုံးမှာပဲ ဒီလိုပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေက စစ်သားမပီသတဲ့ ကောင်တွေရဲ့လုပ်ရပ်တစ်ခုပါပဲ။ ပြည်သူတွေအနေနဲ့က အရင်ကထက် စည်းလုံးညီညွတ်ကျဖို့နဲ့ အာဏာရှင်များကို တက်နိုင်သမျှ တော်လှန်ကြဖို့ ပြောချင်ပါတယ်”ဟု အောင်လံလူထုအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ မတ်လ ၁ ရက်နေ့ကလည်း အောင်လံမြို့နယ်၊ ဒါးစမ်းကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာ ဘုန်းကြီးကျောင်း အပါအဝင် နေအိမ် ၂၈ လုံးလည်း မီးလောင်ပြာကျခဲ့ကြောင်း၊ ထိုသို့ အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများသည် လက်ရှိချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၅ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်အချိန် ပခုက္ကူမှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၂ စီးက ညောင်ဦးမြို့နယ်၊ မအူပင်ကျေးရွာနှင့် ညောင်လှရွာ အနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါလေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိပါဘူး။ နေအိမ်ပျက်စီးတာမျိုးလည်း မရှိပါဘူး။ ရွာအရှေ့ဘက်ကို ဗုံးကျတာလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူများနေထိုင်သော နေအိမ်များ မီးလောင်ကျွမ်းနေစဉ်။




