ရန်ကုန်၊ မတ် ၆
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သော ဗိုလ်မှူး ၁ ဦးကို လာရောက်သယ်ဆောင်သည့် Mi-17 ရဟတ်ယာဉ် ၁ စီး ပစ်ခတ်ခံရပြီး ဆီကန်ကို ထိမှန်ကာ ရွှေကူမြို့တွင် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း KIAစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၆ မိနစ်ဝန်းကျင်အချိန် ဗန်းမော်မြို့ တိုက်ပွဲအတွင်း ဒရုန်းထိမှန်၍ ဒဏ်ရာရရှိထားသော အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦးကို လာရောက် သယ်ယူသော Mi-17 ရဟတ်ယာဉ် ၁ စီးကို KIA တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် Mi-17 ရဟတ်ယာဉ်၏ ဆီကန်ကို ထိမှန်ခဲ့ပြီး မီးခိုးများ ထွက်လာသောကြောင့် ရွှေကူမြို့ပြင်တွင် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း၊ ထိုရဟတ်ယာဉ်သည် ရွှေကူမြို့ ခလရ ၅၆ တပ်ရင်းထဲတွင် ဆင်းသက်ရန် ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဗန်းမော်မှာပဲ ပစ်ချတာ။ ရွှေကူ ခလရ ၅၆ တပ်ရင်းထဲ ဆင်းမလို့ တပ်ထဲတောင်မဆင်းနိုင်ဘူး။ ရွှေကူမြို့ပြင်မှာ ဆင်းရတယ်။ ဗန်းမော် မှာ မနက်က ရဲဘော်တွေရဲ့ ဒရုန်းမိပြီး စစ်တပ်ဘက်က ဗိုလ်မှူး ထိတာ အဲ့ကောင်ကို လာသယ်ရင်း ခွေးအင်အားလာဖြည့်တာ။ ခွေးကြီးကို သယ်ထုတ်နေရင်းနဲ့ Mi-17 ရဟတ်ယာဉ်ထိသွားတာပါ။ ဆီကန်ပေါက်သွားတာတဲ့ မီးခိုး အလိပ်လိုက်နဲ့ ဒယိမ်းဒယိုင်ပျံတက်သွားတာ ရွှေကူမြို့ပြင်မှာ ခေါင်းစိုက်ထိုးဆင်းသွားတယ်လို့ သိရတယ်” ဟု KIAစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
၂၀၂၅ ခုနှစ် မေလ ၂၀ ရက်နေ့ကလည်း ဗန်းမော်မြို့ စကခ ၂၁ အတွင်း သို့ လာဆင်းသည့် စစ်တပ် ရဟတ်ယာဉ် ၃ စီးကို ပစ်ခတ်ခဲ့ရာ Mi-17 ရဟတ်ယာဉ် ၁ စီးမှာ ပျက်ကျသွားခဲ့ကြောင်း၊ အခြားရဟတ်ယာဉ် ၁စီးမှာလည်း ထိမှန်ပြီး အရေးပေါ် ဆင်းသက်သွားခဲ့ကြောင်း သိရှိရသည်။
၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်နှင့်ကုန်းလာအကြားတွင် စစ်ကောင်စီ၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပစ်ချခဲ့ကြောင်း၊ ထိုသို့ ပစ်ချခဲ့မှုကြောင့် ရဟတ်ယာဉ်ပျက်ခဲ့ပြီး ရဟတ်ယာဉ်မှူး ဗိုလ်မှူး ကျော်ဇေယျာထွဏ်း၊ ဗိုလ်ကြီးသန်းထွန်းလင်း၊ အုပ်ခွဲတပ်ကြပ်ကြီး ကျော်စွာအောင်တို့ သေဆုံးခဲ့ကြသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၅၉ မိနစ်အချိန် ၀ိုင်းမော်မြို့နယ်၊ နာဖော့စစ်တပ်စခန်းသို့ ရိက္ခာလာပို့သည့် စစ်တပ်ထောက်ပို့ Mi-17 ရဟတ်ယာဉ် ၁ စီးကို KIA က ပစ်ချခဲ့ပြီး စစ်ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကာ ရဟတ်ယာဉ်လည်း ပျက်စီးသွားခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင်လည်း ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့ နယ်၊ နမ့်ဖတ်ကာရွာတိုက်ပွဲဒေသထံသို့ ဗုံးလာကျဲခဲ့သည့် စစ်ကောင်စီ၏ တရုတ် လုပ် FTC 2000 G တိုက်လေယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မ တော်( KIA) က ပစ်ချခဲ့သဖြင့် တိုက်လေယာဉ် ပျက်ကျသွားခဲ့သည်။
ဓာတ်ပုံ- စစ်တပ်၏ သယ်ယူပို့ဆောင်ရေး Mi-17 ရဟတ်ယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)




