30 C
Yangon

စစ်ကိုင်းနှင့် မုံရွာမြို့ပေါ်တွင် စစ်တပ်က ၁ ရက်အတွင်း လူငယ်အမျိုးသား ၁၀၀ နီးပါးကို ပေါ်တာဆွဲဖမ်းဆီး

Must read

ရန်ကုန် – မတ် ၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နှင့် မုံရွာမြို့တို့တွင် အကြမ်းဖက်စစ်တပ်က ၁ ရက်အတွင်း လူငယ်အမျိုးသား ၉၀ ကျော်ကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း Monywa Revolution (MR) အဖွဲ့ထံမှ သိရှိရပါသည်။

ယမန်နေ့ မတ်လ ၅ ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ လမ်းဆုံလမ်းခွများ၊ နှာပေါက်ဝဂိတ်နှင့် မြို့အဝင်အထွက်နေရာများတွင် စစ်တပ်က အင်အားသုံး၍ ပိတ်ဆို့စစ်ဆေးကာ လူငယ် ၅၀ ကျော်ကို ဖမ်းဆီးသွားခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများမှာ အသက် ၂၅ နှစ်မှ ၃၅ နှစ်ဝန်းကျင် အမျိုးသားများဖြစ်ပြီး ၎င်းတို့ကို စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ အတွင်းသို့ ဖမ်း ဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

Monywa Revolution – MR အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “စစ်ခွေးတွေ ၁ ရက်တည်းကို ပေါ်တာဆွဲဖမ်းဆီးတာ လူငယ် ၅၀ ကျော်လောက် ပါသွားတယ်။ အသက်အရွယ်တွေက ၂၅ နှစ်နဲ့ ၃၅ နှစ်ကြားတွေ ဖြစ်တယ်လို့ သိရတယ်။ မိသားစုနဲ့လည်း ပေးမတွေ့သလို ပိုက်ဆံနဲ့ ပြန်ရွေးလို့လည်း မရဘူး။ အခု သူတို့ကို တပ်မ ၃၃ ထဲမှာ ဖမ်းထားတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

အလားတူ မုံရွာမြို့ပေါ်တွင်လည်း မတ်လ ၅ ရက်နေ့ ညနေပိုင်း အလုပ်မှ ပြန်လာသည့် အမျိုးသား ၄၀ ကျော်ကို စစ်ကောင်စီတပ်က အိမ်စီးကားအများအပြားဖြင့် လှည့်လည်ကာ ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက စက်မှုဇုန် ၁ ၊ သမစိတ္တလမ်း၊ ဗိုလ်ချုပ်လမ်းနဲ့ ပြည်ထောင်စုလမ်းတွေမှာ ကား ၄၊ ၅ စီးအပြင် ဒိုင်နာကားတစ်စီးနဲ့ပါ ပတ်ပြီး ပေါ်တာဆွဲတာ။ မနေ့ညနေကဆို ဒိုင်နာကားနဲ့အပြည့်ပဲ ပါသွားတယ်လို့ သိရတယ်။ ပိုက်ဆံနဲ့ ပြန်ရွေးမယ်ဆိုရင် တောင် အရွေးမခံဘူး။ အခု ဖမ်းထားတဲ့ ၄၀ ကျော်ကို မုံရွာမြို့ပေါ်က စုပေါင်းရုံးထဲမှာ ချုပ်ထားတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များမှာ စိုးရိမ်ပူပန်နေကြသော်လည်း စစ်တပ်က တွေ့ဆုံခွင့် ပိတ်ပင်ထားသည့်အပြင် ငွေကြေးဖြင့် ပြန်လည်ရွေးယူခွင့်လည်း မပြုကြောင်း ၊ အကြမ်းဖက်စစ်တပ်က ယခု မတ်လလယ်ပိုင်းတွင် စစ်မှုထမ်းအပတ်စဉ် ၂၃ ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က အိမ်စီးကားများဖြင့် ပေါ်တာဆွဲ ဖမ်းဆီးနေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article