ရန်ကုန်၊ မတ် ၅
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ စတင်ခဲ့တဲ့ အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ တိုက်ပွဲမှာ ဒီနေ့ မတ်လ ၆ ရက်နေ့အထိ ၇ ရက်တိုင်ရှိလာပြီး နောက်ဆုံးရ အခြေအနေ သတင်းတွေကို တင်ဆက်လိုက်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်မီးကို ငြှိမ်းသတ်ဖို့နဲ့ ငြိမ်းချမ်းရေးကို အခွင့်အရေးပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
အစ္စရေးတိုက်လေယာဉ်တွေဟာ ဘေရွတ်မြို့တောင်ဘက် ဆင်ခြေဖုံးရပ်ကွက်တွေတင်မကဘဲ လက်ဘနွန်တောင်ပိုင်းက ရွာတွေအပေါ်မှာပါ ကင်းထောက်ပျံသန်းမှုတွေနဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
အီရတ်ကာ့ဒ်ဒေသရှိ အီရန်ကာ့ဒ်လက်နက်ကိုင်စခန်းတစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အဆိုပါတိုက်ခိုက်မှုဟာ အီရန်ဘက်တော်သား အဖွဲ့အစည်းတွေရဲ့ လက်ချက်ဖြစ်တယ်လို့ ယူဆရပါတယ်။
အဇာဘိုင်ဂျန်နိုင်ငံက ၎င်းတို့ရဲ့ နယ်စပ်ကို အီရန်ဒရုန်းတွေ ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ စွပ်စွဲပြီးနောက် အီရန်နိုင်ငံရှိ ၎င်းတို့ရဲ့ သံတမန်တွေကို ဘေးလွတ်ရာသို့ ပြန်လည်ရုပ်သိမ်းနေပါတယ်။
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးနှုန်း တစ်စည်ကို ၁၅၀ ဒေါ်လာအထိ မြင့်တက်သွားနိုင်ပြီး ကမ္ဘာ့စီးပွားရေးတစ်ခုလုံး ပြိုလဲသွားနိုင်တယ်လို့ ကာတာစွမ်းအင်ဝန်ကြီးက သတိပေးလိုက်ပါတယ်။
အီရန်ဘက်က လုပ်ဆောင်တဲ့ “သစ္စာဖောက်သော” တိုက်ခိုက်မှုတွေအတွင်း ဘာရိန်းပိုင်နက်ထဲကို ဦးတည်လာတဲ့ ဒုံးကျည် ၇၈ စင်းနဲ့ ဒရုန်း ၁၄၃ စင်းကို ပစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့ ဘာရိန်းစစ်တပ်က ထုတ်ပြန်ပါတယ်။
စစ်ပွဲစတင်ချိန်ကစပြီး အစ္စရေးဆေးရုံတွေမှာ လူပေါင်း ၁,၆၀၀ ကျော် ဆေးကုသမှုခံယူခဲ့ရကာ လက်ရှိအချိန်အထိ လူ ၁၁ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။
အီရန်ခေါင်းဆောင်ကြီးရဲ့ နေရာကို ဆက်ခံမယ့်သူကို လုံခြုံရေးအရ ရွေးချယ်ပြီးဖြစ်နိုင်သော်လည်း လူသိရှင်ကြား မကြေညာသေးတာဖြစ်နိုင်ကြောင်း တီဟီရန်တက္ကသိုလ် ပါမောက္ခတစ်ဦးက အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။
အမေရိကန်အစိုးရအနေနဲ့ ဒီလေကြောင်းစစ်ပွဲအတွက် တစ်ရက်ကို ဒေါ်လာ ၁ ဘီလီယံခန့် အသုံးပြုနေရပြီး လက်နက်ခဲယမ်းတွေ ပြန်လည်ဖြည့်တင်းဖို့အတွက် ဒေါ်လာ ၅၀ ဘီလီယံ အပိုဆောင်းဘတ်ဂျက် လိုအပ်နေပါတယ်။




