30 C
Yangon

ကောလင်းမြို့နယ်၊ ကချင်ကုန်းကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု အမျိုးသမီး ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၆

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ကချင်ကုန်းကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၅ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးသည် ကောလင်းမြို့နယ်၊ ကချင်ကုန်းကျေးရွာအနီးနားရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရာ နေရာကို ဗုံး ၄ လုံးနှင့် ရွှေဘို-မြစ်ကြီးနားကားလမ်းမကြီးပေါ်ကို ဗုံး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော ဘုန်းတော်ကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ရှောင် ပြည်သူ အမျိုးသမီး ၂ ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ ထို့ပြင် ဘုန်းကြီးကျောင်းဆောင်နှင့် နေအိမ်တချို့လည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“မတ်လ ၅ ရက်နေ့ ညနေ ၄ နာရီ ၄၀ ဝန်းကျင်က မကွေးလေတပ်တက် ဂျက်ဖိုက်တာ ၁ စီးနဲ့ ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်တာပါ။ စစ်ရှောင်ပြည်သူ ၂ ဦးသေဆုံး ၂ ဦး ဒဏ်ရာကလို ကနဦး သိထားပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရဲ့ အချက်အလက်ကို သူတို့ရဲ့ လုံခြုံရေးအရ ပေးလို့မရပါဘူး” ဟု ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က နေရာမရွေး လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေချိန်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် လေကြောင်း လုံခြုံသည့် နေရာများ၊ ဘေးလွတ်ရာ နေရာများကို တိမ်းရှောင်နေထိုင်ကြရန် ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article