ရန်ကုန်၊ မတ် ၆
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ နဘူးတောရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး သေနတ်ပစ်ဖောက်နေ၍ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၆ ရက်နေ့ ညနေပိုင်းတွင် ချင်းတွင်းတံတားဘက်မှ စစ်ခွေးကား ၁၂ စီးနဲ့ သံပြားကားတွေပါဝင်သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နဘူးတောရွာကို ဝင်ရောက်စီးနင်းပြီး သေနတ်များ ပစ်ဖောက်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ စစ်ကြောင်းက ရုတ်တရက် ဝင်ရောက်လာခြင်းကြောင့် ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ နေအိမ်များကို ဝင်ရောက်မွှေနှောက်နေကြောင်း၊ ထိုစစ်ကြောင်းသည် လက်ရှိချိန်ထိ နဘူးတောရွာအတွင်းရှိသေးကြောင်း၊ ထို့ပြင် ယင်းမာပင်နှင့် ပုလဲမြို့နယ်ဘက်တွင်လည်း စစ်ကြောင်း ၂ ကြောင်းရောက်ရှိနေကြောင်း သိရှိရသည်။
“ချင်းတွင်း တံတားဘက်ကနေ စစ်ခွေးကား ၁၂ စီးနဲ့ သံပြားကားတွေပါတဲ့ စစ်ခွေးတွေက နဘူးတောရွာကို အခုလက်ရှိရောက်နေပြီး ဝင်မွှေနေတယ်။ ပြည်သူတွေတော့ ထွက်ပြေးနေရပြီ ဒီနဘူးတောရွာက စစ်ခွေး အဝင်အထွက်နဲ့ ဒုက္ခတွေကို ခံရတဲ့ ရွာလို့ ပြောလို့ရတယ်။ ယင်းမာပင်နယ်ထဲမှာဆိုရင် နဘူးတောက တော်တော်လေး ဒုက္ခခံရတဲ့ရွာ။ အဲ့ရွာက ကားကထိုးလာတာကို မသိလိုက်တာတဲ့ သူတို့လဲ အံ့အားသင့်ပြီးထွက်ပြေးရတာ အခုလက်ရှိမှာလည်း စစ်ခွေးတွေက သေနတ်တွေနဲ့ ရမ်းသမ်းပစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ယနေ့ ညနေပိုင်းတွင်လည်း ဇက်ဖြင့်ကူးလာသော အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည်လည်း ဝမ်ပေါင်ထဲကို အင်အားဖြည့်တင်းထားပြီး ယင်းမာပင်မြို့နယ် စစ်ကြောင်းထိုးလာနိုင်သောကြောင့် စစ်ကြောင်းလှုပ်ရှားလာမည့်အခြေအနေကို ဆက်လက် စောင့်ကြည့်နေရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
“စစ်ခွေးတွေက ဘယ်လို ရည်ရွယ်ချက်နဲ့ ကြံနေလဲမသိဘူး။ အခု ဒီပုလဲဘက်ကိုကျ စစ်ကြောင်း ၂ ကြောင်းနဲ့ အပြင်ကို ဒီနေ့ ညနေမှာဇက်နဲ့ကူးလာတဲ့ဟာက အင်အား ၁၅၀ လောက်ရှိမယ်။ ဝမ်ပေါင်ထဲကို ဝင်တာ ဝမ်ပေါင်ထဲကနေ ဒီနေ့ည သို့မဟုတ် မဖြန်ခါကာကို တယ်ပင်ကန် ဘက်ကနေ ထွက်လိမ့်တင်တယ်။ အဲ့ယင်းမာပင်နယ်ကို အဲ့ ၁ ကြောင်းထွက်လိမ့်မယ်ထင်တယ်။ အခု ဒီညနေ့ကို ဇက်ကနေကူးလားတဲ့ စစ်ခွေးကား ၅ စီးနဲ့ ကူးလာတာပါ။ ပုလဲနယ်မှာလည်း စစ်ကြောင်း ၂ ကြောင်းရှိနေတယ်။ ဒီနေ့ ညနေကို ဝင်လာတဲ့ ကား ၅ စီးနဲ့ ၁၅၀ လောက်ပါတဲ့ စစ်ခွေး စစ်ကြောင်းက အနောက်ဘက် တယ်ပင်ကန်ဘက်ကို ၂ ခု ညှပ်ပိတ်လုပ်မယ့် သဘောရှိတယ်။ စစ်ခွေးတွေကတော့ အင်အား အလုံးအရင်းနဲ့ ရောက်နေလာနေပြီ” ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။




