28 C
Yangon

စစ်တပ်၏ စက်သုံးဆီချွေတာရေး အမိန့်အရ စုံရက်နှင့်မရက် နံပါတ်ပြားအလိုက် ယာဉ်မောင်းနှင်ရေး ညွှန်ကြားချက် မလိုက်နာလျှင် ထောင်ဒဏ် ၁ လနှင့် ငွေဒဏ် ၂ သောင်း ချမှတ်အရေးယူရန် လျှို့ဝှက် အမိန့်ထုတ်ပြန်

Must read

ရန်ကုန် ၊ မတ် ၇

အကြမ်းဖက်စစ်ကောင်စီ၏ စက်သုံးဆီချွေတာရေး အစီအစဉ်အရ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပါအဝင် မြို့ကြီးများတွင် စုံရက်နှင့် မရက် နံပါတ်ပြားအလိုက် ယာဉ်မောင်းနှင်ခြင်းမရှိသူများကို ထောင်ဒဏ် ၁ လ (သို့မဟုတ်) ငွေဒဏ် ကျပ် ၂ သောင်း (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ချမှတ်အရေးယူရန် လျှို့ဝှက်အမိန့် ထုတ်ပြန်လိုက်ကြောင်း သိရှိရပါသည်။

နေပြည်တော်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး၏ မတ်လ ၆ ရက်နေ့စွဲဖြင့် ထွက်ရှိထားသည့် လျှို့ ဝှက်အမိန့်အရ အဆိုပါကိစ္စကို အရေးယူဆောင်ရွက်ရန်အတွက် ဌာနစုံ ပါဝင်သော One Stop Service အဖွဲ့များကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း၊ ယင်းအဖွဲ့တွင် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ တရားရေးဌာန၊ ဥပဒေရုံး၊ ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ ပါဝင်မည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စစ်ဆေးမှုများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး: မြို့ကြီးများတွင် One Stop Service အဖွဲ့ ၂ ဖွဲ့ (သို့မဟုတ်) ၃ ဖွဲ့ဖြင့် နေရာခွဲ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျန်နယ်မြို့များတွင်မူ One Stop Service အဖွဲ့ ၁ ဖွဲ့ဖြင့် စစ် ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းစက်သုံးဆီချွေတာရေးအမိန့်အရ ပညာပေးကာလအဖြစ် ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိကို အသိပညာပေးကာလအဖြစ် သတ် မှတ်ထားကြောင်း၊ အရေးယူမှုများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှစတင်ကာ အမိန့်မထုတ်ပြန်မချင်း ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

စစ်တပ်၏ ထုတ်ပြန်ထားသော အမိန့်ကို လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူး လွန်သူများကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ အရ One Stop Service အဖွဲ့က တိုက်ရိုက်အရေးယူမည် ဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ထောင်ဒဏ် ၁ လနှင့် ငွေဒဏ် ကျပ် ၂ သောင်း “ဒဏ်နှစ်ရပ်လုံး” ကို မပျက်မကွက် ကျခံစေရမည်ဟု အဆိုပါ လျှို့ဝှက်အမိန့်တွင် ဖော်ပြထားသည်။

စစ်တပ်ထုတ်ပြန်ထားသော အမိန့်ကို မလိုက်နာပါက ဒေသန္တရ အမိန့် ကိုချိုးဖောက်ခြင်းအဖြစ် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၈၈ (Section 188 of the Penal Code) ဖြင့် အရေးယူခြင်းဖြစ်ပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၈၈ မှာ ပြည်သူ့ဝန်ထမ်းက ဥပဒေနှင့်အညီ ထုတ်ပြန်သော အမိန့်ကို ဖီဆန်ခြင်း အတွက် အရေးယူ ပြစ်ဒဏ်ပေးသော ဥပဒေပုဒ်မ ဖြစ်ကြောင်း သိရှိရသည်။

ရာဇသတ်ကြီး ပုဒ်မ ၁၈၈ အရ သာမန် ဖီဆန်ချိုးဖောက်မှု (အနှောင့်အယှက် သို့မဟုတ် နစ်နာမှုဖြစ်စေလျှင်) အစိုးရဝန်ထမ်းက ထုတ်ပြန်ထားသည့် အမိန့်ကို ချိုးဖောက်သည့် အတွက် တရားဝင် တာဝန်ထမ်းဆောင်နေသူများကို အနှောင့် အယှက်ဖြစ်စေလျှင်၊ နစ်နာစေလျှင် (သို့မဟုတ် ထိုသို့ဖြစ်စေရန် အကြောင်းရှိလျှင်) အလုပ်မဲ့ ထောင်ဒဏ် ၁ လ အထိ ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားချက်များအရ သိရှိရသည်။

စစ်တပ်၏ စက်သုံးဆီချွေတာရေး အမိန့်မှာ အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ရေနံဈေးနှုန်းများ အဆမတန် မြင့်တက်လာပြီးနောက် စစ်တပ်က စက်သုံးဆီသုံးစွဲမှုကို အတင်းအဓမ္မ ထိန်းချုပ်ရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article