ရန်ကုန်၊ မတ် ၇
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကြောင်းမှူး အပါအဝင် စစ်သား ၂ ဦးသေဆုံးပြီး စစ်တပ်က သဲမဲရွာကို မီးရှို့ခြင်းကြောင့် နေအိမ် ၃၂ လုံးပြာကျခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော်Shadow က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပေါင်းတည်မြို့နယ် ပေါက်တောရွာရှိ ခမရ ၁ဝ တပ်ရင်းမှ ထွက်လာသော အင်အား ၅၀ ဦးပါသော စစ်ကြောင်းသည် သဲမဲရွာဘက်ကို စစ်ကြောင်းထိုးလာသောကြောင့် ဗျူဟာ ၂၁ ကွပ် ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း ၁ တပ်ခွဲ ၂ မှ သဲမဲရွာ အနောက်ဘက်သချိုင်းကုန်း အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကြောင်းမှူး အပါအဝင် စစ်သား ၂ သေဆုံးခဲ့ပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကြောင်းမှူး သေဆုံးခဲ့သောကြောင့် အကြမ်းဖက် စစ်တပ်သည် ရှေ့ဆက်တိုးနိုင်ခြင်းမရှိတော့ဘဲ စစ်သား အလောင်းများနှင့် ဒဏ်ရာရ စစ်သားများကို ကောက်ယူကာ ခမရ ၁ဝ တပ်ရင်း အတွင်းကို ပြန်လည် ဆုတ်ခွာသွားကြောင်း၊ စစ်ကြောင်းပြန်ဆုတ်သွားပြီးနောက် တော်လှန်ရေး ရဲဘော်များက ရှင်းလင်းရေး ပြုလုပ်စဉ် ကျည်ဘောက် ၁ ခု ၊ ၅.၅၆ ကျည် ၄၂ တောင့်နှင့် အခြားစစ် အသုံးဆောင်ပစ္စည်းအချို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
“ခလရ ၁၀ တပ်ရင်းထဲက ထွက်လာတဲ့ စစ်ကြောင်းက ဒုတိယအကြိမ် ထပ်ပြီး စစ်ကြောင်းထိုးလာတာပေါ့။ အဲတာကို ကျနော်တို့ စောင့်ဆိုင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ဒီတခါတော့ စစ်ကြောင်းမှူးပါ မိုင်းထိပြီး သေတယ်လို့ သိရတယ်။ စစ်ကြောင်းမှူး သေသွားတော့ စစ်ခွေးတွေ ရှေ့ဆက်မတိုးရဲတော့ဘူး။ အလောင်းကောက်ပြီး ခလရ ၁၀ တပ်ရင်းထဲကို ပြန်ဆုတ်သွားတယ်” ဟု ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော်Shadow က ပြောဆိုသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်း ယနေ့ မတ်လ ၇ ရက်နေ့ နံနက် အစောပိုင်း ၄ နာရီခန့်တွင် စစ်ကြောင်းထပ်မံထိုးလာပြီး သဲမဲရွာကို ဝင်ရောက် စီးနင်းကာ ပြည်သူပိုင် နေအိမ် ၃၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုစစ်ကြောင်းသည် နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် ကျေးရွာအတွင်းမှ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
“အဲစစ်ခွေးစစ်ကြောင်းက ဒီနေ့ မနက် ၄ နာရီမှာ စစ်ကြောင်းထပ်ထိုးလာပြီး သဲမဲရွာကို မီးဝင်ရှို့သွားတယ်။ အိမ်ခြေ ၃၂ လုံးပြာကျသွားတယ်” ဟု ရဲဘော် Shadow က ဆက်လက် ပြောဆိုသည်။






