28 C
Yangon

ရေနံမြေရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှရီက ထောင်ထွက်လူမိုက်များနှင့် အသက်မပြည့်သေးသူများကို ရဲတပ်သားသစ်အဖြစ် အတင်းအကျပ် စုဆောင်းခိုင်းနေ

Must read

ရန်ကုန်၊ မတ် ၇

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးကြီးလှရီသည် ထောင် ထွက် လူမိုက်များနှင့် အသက်မပြည့်သေးသော လူငယ်များကို ရဲတပ်သားသစ်များအဖြစ် မသမာသောနည်းလမ်းဖြင့် စုဆောင်းခိုင်းနေကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

ရဲမှူးကြီးလှရီက လက်အောက်ငယ်သားများကို ထောင်ထွက်များနှင့် အသက်မပြည့်သေးသူများကို လိမ်ညာစာရင်းသွင်းကာ ရဲတပ်သားသစ်အဖြစ် စုဆောင်းခိုင်းနေပြီး၊ ယင်းသို့ စုဆောင်းနိုင်ခြင်းမရှိပါက ရုံးတင်ဆဲဆိုကြိမ်းမောင်းခြင်း၊ အရေးယူခြင်းနှင့် နယ်မြေပြောင်းရွှေ့ခြင်းများ ပြုလုပ်လေ့ရှိသည်ဟု သိရှိရသည်။

သို့သော် ရဲတပ်ဖွဲ့ဝင်အသစ် ရှာဖွေ မပေးနိုင်သော်လည်း ငွေကြေးပေးနိုင်ပါက အရေးယူမှုမှ ကင်းလွတ်ခွင့်ပေးထားကြောင်း၊ ရဲမှူးကြီး လှရီမှာ မကြာခဏဆိုသလို နာမည်ဆိုးဖြင့် ကျော်ကြားပြီး ယခင်က တိုင်ကြားခံခဲ့ရဖူးသော်လည်း အထက်လူကြီးများနှင့် ပိုင်သဖြင့် မည်သည့်အရေးယူမှုမျှ မခံရဘဲ ရာထူး ဆက်လက် တည်မြဲနေကြောင်း၊ လာဘ်ပေးလာဘ်ယူမှုများနှင့် မတရားမှုများ၊ အထက်အောက်အနိုင်ကျင့်မှုများကို ပေါ်ပေါ်တင်တင် လုပ် ဆောင် နေကြောင်း သိရှိရသည်။

ယင်းအပြင် မကွေးတိုင်းအတွင်း PDF များ၏ စိုးမိုးမှုအားကောင်းလာခြင်းကြောင့် လက်ပံတိုနှင့် ကျောက်ခွက်ရေနံမြေ အပါအဝင် အန္တရာယ်ရှိသော ရှေ့တန်းလုပ်ကွက်များသို့ တာဝန်သွားရောက်မထမ်းဆောင်လိုသည့် ရဲတပ်ဖွဲ့ဝင်များမှာ ရဲမှူးကြီးလှရီနှင့် ပြည်ထဲရေးဝန်ကြီးဌာနရှိ အရာရှိကြီးများကို သိန်း ၃၀ မှ စတင်ကာ လာဘ်ထိုးနေရကြောင်း သိရသည်။

အရာရှိတစ်ဦးလျှင် ကျပ်သိန်း ၃၀ လာဘ်ထိုးရပြီး၊ အခြားအဆင့် တပ်ဖွဲ့ဝင်များမှာ ကျပ် ၅ သိန်းခန့် ပေးဆောင်နေရကြောင်း၊ နယ်ပြောင်းထွက်မည့် အရာရှိများထံမှလည်း ရဲတပ်သားသစ်ဖိုး ကျပ် ၁၀ သိန်းစီအား ဒုတပ်ကြပ် ခိုင်စောမြတ် မှတစ်ဆင့် တောင်းခံလေ့ရှိကြောင်း သိရှိရသည်။

ငွေကြေးမပေးနိုင်သော တပ်ဖွဲ့ဝင်အချို့မှာ ရှေ့တန်းသို့မသွားဘဲ သေဘေးမှလွတ်ရန် ထောင်ကျခံမည်ဟု ဆိုကာ ငြင်းဆန်မှုများရှိနေပြီး အချို့မှာ မှတ်တမ်းဝင် သတိပေးခံထားရကြောင်း သိရှိရသည်။

ရဲမှူးကြီးလှရီသည် ၎င်း၏သားဖြစ်သူ ‘အာကာ’ ဆိုသူကိုပင် နိုင်နင်းအောင် အုပ်ချုပ်နိုင်ခြင်းမရှိဘဲ သားဖြစ်သူက သေနတ်ဖြင့်ချိန်ကာ ပစ်သတ်မည်ဟု ခြိမ်းခြောက်သဖြင့် ရုံးအဖွဲ့မှ ဝိုင်းဝန်းဖြန်ဖြေခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့ကြောင်း သိရှိရသည်။

ယင်းအပြင် သားဖြစ်သူ ‘အာကာ’ မှာ ဖခင်ဖြစ်သူ၏ အရှိန်အဝါကို သုံး၍ ရဲအရာရှိများနှင့် တပ်ဖွဲ့ဝင်များထံမှ လစဉ် မုန့်ဖိုးအမည်တပ်ကာ ငွေကြေးများ သီးသန့်လိုက်လံတောင်းခံနေကြောင်း၊ သို့ရာတွင် မည်သည့်တားဆီးမှုနှင့် အရေးယူမှုမှ မရှိဟု သိရှိရသည်။

မကွေးတိုင်းအတွင်း PDF အားနည်းသော ရေနံမြေလုပ်ကွက်အချို့တွင်မူ ရေနံမြေရဲတပ်ဖွဲ့ဝင်အချို့နှင့် စစ်တပ်မှ အရာရှိများ ပူးပေါင်းကာ ရေနံခိုးထုတ်မှုများ ပြုလုပ်နေကြောင်း၊ ထန်းကိုင်းရေနံမြေ (အထက်မင်းလှနယ်) တွင် စစ်တပ်နှင့်ရေနံမြေရဲများ ပေါင်းကာ ရေနံသူခိုးအဖွဲ့များဖွဲ့၍ ရေနံခိုးထုတ်ရောင်းစားကြကြောင်း၊ ရရှိသော ငွေကြေးများထဲမှ ရဲမှူးကြီး လှရီထံသို့ ဂါကြေးဟုဆိုကာ ပုံမှန် ပေးပို့ကြောင်း သိရှိရသည်။

လက်ရှိတွင် မကွေးတိုင်းအတွင်းရှိ ရေနံလုပ်ကွက်အများစုမှာ PDF များ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသဖြင့် စစ်ကောင်စီက ရေနံသယ်ယူရောင်းချခြင်းများကို ပိတ်ပင်ထားရသည့် အခြေအနေဖြစ်သည်ဟု သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article