28 C
Yangon

ရန်ကုန်တွင် စက်သုံးဆီချွေတာရေး စီမံချက်အဖြစ် “မ” ရက်တွင် ထွက်လာသော “စုံ” နံပါတ်ကားများကို ယာဉ်ထိန်းရဲများက ငွေညှစ်တောင်းယူနေ

Must read

ရန်ကုန်၊ မတ် ၇

ရန်ကုန်တွင် စစ်တပ်က ယနေ့ မတ်လ ၇ ရက်နေ့ စတင်သော စက်သုံးဆီချွေတာရေး စီမံချက်အဖြစ် “မ” ကားနံပါတ်ပြားပါသော ကားများကိုသာ မောင်းနှင်ခွင့်ပြုပြီး “စုံ” နံပါတ်ပြား ကားများကို ယာဉ်ထိန်းရဲများက ပညာပေးသည်ဟုဆိုကာ ငွေတောင်းယူ ပြန်လွှတ်နေကြောင်း ငွေပေးလိုက်ရသည့် ကားပိုင်ရှင်တချို့က ပြောဆိုသည်။

ယနေ့သည် မ ဂဏန်းရက်ဖြစ်သည့်အတွက် မ နံပါတ်ပြားပါ ကားများသာ မောင်းနှင်ခွင့်ရှိပြီး စုံ ကားနံပါတ်ပါ ကားများ မောင်းနှင်ခွင့်မရှိကြောင်း၊ ထို့ကြောင့် ရန်ကုန်မြို့တွင် ယာဉ်ထိန်းရဲများက စုံကားနံပါတ်ပါ ကားများကို တားဆီးကာ ပညာပေးကာလ ကျော်လွန်ပါက အရေးယူမည်ဟုဆိုကာ လက်ဖက်ရည်ဖိုးအဖြစ် ငွေကျပ် ၁ သောင်းတောင်းယူကြောင်း သိရှိရသည်။

“ကျနော့်ကား စုံနံပါတ်ပေမယ့် လုပ်ငန်းသုံး ဟိုက်ဂျက်ပါ။ လုပ်ငန်းလိုင်စင်တော့မပါဘူး။ အဲဒါ ပါရမီလမ်းဆုံမှာ တားတယ်။ ယာဉ်ထိန်းရဲတွေချည်းပဲ သီးသန့်။ လုပ်ငန်းကားပါပြောတော့ လုပ်ငန်းလိုင်စင် မပါရင် မောင်းခွင့်မပေးဘူးဆိုပြီး ပြောတယ်။ ပညာပေးကာလမို့ လွှတ်ပေးမယ် လက်ဖက်ရည်ဖိုးတော့ ပေးခဲ့လို့ ပြောတယ်။ အဲဒါ ၅၀၀၀ တန်ထုတ်ပေးတော့ ၁ သောင်းပေးရမယ်ဆိုပြီး တောင်းတယ်” ဟု ငွေတောင်းခံလိုက်ရသည့် ဟိုက်ဂျက် ကားပိုင်ရှင်က ပြောဆိုသည်။

အလားတူ အင်းစိန်မြို့နယ်၊ ပေါက်တော၀ လမ်းဆုံတွင် စျေးဝယ်လာသည့် စုံဂဏန်းပါ ကားကို ယာဉ်ထိန်းရဲများက တားဆီးခဲ့ပြီး ပညာပေးကာလအဖြစ် လွှတ်ပေးမည်ဟုဆိုကာ ငွေကျပ် ၂ သောင်း တောင်းယူသွားကြောင်း သိရှိရသည်။

“အင်းစိန်စျေးဘက်က ခဏသွားတာ။ ပေါက်တာ၀မှာ ကားကို တားတယ်။ အဲဒါ ကားဝှီးတက်နဲ့လိုင်စင် သိမ်းတယ်။ ၂ သောင်းတောင်းတယ်။ ငွေပေးမှ ဝှီးတက်နဲ့ လိုင်စင်ပြန်ပေးတယ်” ဟု တိုယိုတာ ဘယ်လ်တာကားပိုင်ရှင်က ပြောဆိုသည်။

ယနေ့ ရန်ကုန်မြို့တွင် ဌာနပေါင်းစုံ ပါဝင်သော စက်သုံးဆီချွေတာရေး စီမံချက်ကို အကောင် အထည်ဖော်သည့် One Stop Service အဖွဲ့များ က နေရာပေါင်းစုံကို ကားများဖြင့် လှည့်လည် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

“မနက်အစောကြီး တောင်ဥက္ကလာဘက်မှာ ဌာနပေါင်းစုံ အဖွဲ့တွေ့တယ်။ နောက်တော့ နေရာရွှေ့သွားတယ်။ မြို့တစ်ခုလုံး လှည့်ပတ် စစ်နေတာထင်တယ်” ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စက်သုံးဆီချွေတာရေး အစီအစဉ်အရ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပါအဝင် မြို့ကြီးများတွင် စုံရက်နှင့် မရက် နံပါတ်ပြားအလိုက် ယာဉ် မောင်းနှင်ခြင်းမရှိသူများကို ထောင်ဒဏ် ၁ လ (သို့မဟုတ်) ငွေဒဏ် ကျပ် ၂ သောင်း (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ချမှတ်အရေးယူရန် လျှို့ဝှက်အမိန့် ထုတ်ပြန်ထားသည်။

နေပြည်တော်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး၏ မတ်လ ၆ ရက်နေ့စွဲဖြင့် ထွက်ရှိထားသည့် လျှို့ ဝှက်အမိန့်အရ အဆိုပါကိစ္စကို အရေးယူဆောင်ရွက်ရန်အတွက် ဌာနစုံ ပါဝင်သော One Stop Service အဖွဲ့များကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း၊ ယင်းအဖွဲ့တွင် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ တရားရေးဌာန၊ ဥပဒေရုံး၊ ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ ပါဝင်မည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စစ်ဆေးမှုများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး: မြို့ကြီးများတွင် One Stop Service အဖွဲ့ ၂ ဖွဲ့ (သို့မဟုတ်) ၃ ဖွဲ့ဖြင့် နေရာခွဲ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျန်နယ်မြို့များတွင်မူ One Stop Service အဖွဲ့ ၁ ဖွဲ့ဖြင့် စစ် ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းစက်သုံးဆီချွေတာရေးအမိန့်အရ ပညာပေးကာလအဖြစ် ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိကို အသိပညာပေးကာလအဖြစ် သတ် မှတ်ထားကြောင်း၊ အရေးယူမှုများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှစတင်ကာ အမိန့်မထုတ်ပြန်မချင်း ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

စစ်တပ်၏ ထုတ်ပြန်ထားသော အမိန့်ကို လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူး လွန်သူများကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ အရ One Stop Service အဖွဲ့က တိုက်ရိုက်အရေးယူမည် ဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ထောင်ဒဏ် ၁ လနှင့် ငွေဒဏ် ကျပ် ၂ သောင်း “ဒဏ်နှစ်ရပ်လုံး” ကို ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article