28 C
Yangon

ဒဂုံတောင်ကြံ့ဖွတ်အတွင်းရေးမှူး မင်းဦးနှင့် တာမွေမြို့နယ်မှ အရိုးကုန်း အုပ်ချုပ်ရေးမှူး အောင်မြင့်ဦးတို့က လူငယ်များကို ပေါ်တာဆွဲ၍ ငွေညှစ်နေပြီး မြေကွက်များကို အကွက်ရိုက် လိမ်ရောင်း

Must read

ရန်ကုန်၊ မတ် ၇

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ကြံ့ဖွတ်အတွင်းရေးမှူး မင်းဦးနှင့် တာမွေမြို့နယ် အရိုးကုန်းအုပ်ချုပ်ရေးမှူး အောင်မြင့်ဦးတို့သည် လူငယ်များကို ပေါ်တာဆွဲ၍ ငွေညှစ်နေသည့်အပြင် မြေကွက်များကိုပါ အကွက်ရိုက်ကာ လိမ်လည်ရောင်းချနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ကြံ့ဖွတ်အတွင်းရေးမှူး ရွှေလီ (ခ) မင်းဦးသည် လူငယ်များကို စစ်မှုထမ်းရန် အတင်းအကျပ် ဖမ်းဆီးရောင်းစားခြင်း၊ သိန်းရာနှင့်ချီကာ ငွေညှစ်ခြင်းနှင့် မြေကွက်များ လိမ်လည်ရောင်းချခြင်းများ ပြုလုပ်ကာ ကိုယ်ကျိုးရှာနေကြောင်း သိရသည်။

“ရွှေလီလို့ခေါ်တဲ့ မင်းဦးက မဘသ၊ အမျိုးသားရေးသမားလို့ သူ့ကိုယ်သူပြောတယ်။ ပြီးတော့ YMBA ခရိုင်ဥက္ကဋ္ဌလည်းလုပ်တယ်။ စစ်တပ်ထောက်ခံပွဲတွေကို ဦးဆောင်တဲ့သူ။ သူက ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီး လူငယ်တွေကို အတင်းအကျပ် စစ်မှုထမ်းခိုင်းတယ်။ တချို့လူငယ်တွေကို ဖမ်းဆီးပြီး ငွေညှစ်တယ်၊ ငွေရရင်ပြန်လွှတ်တယ်၊ ငွေမပေးရင် စစ်ထဲသွင်းတယ်။ နောက်ပြီး ပိုင်ရှင်မဲ့မြေကွက်တွေကို အကွက်ရိုက် လိမ်လည်ရောင်းတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယင်းအပြင် ဒဂုံတောင်ကြံ့ဖွတ်ပါတီ အတွင်းရေးမှူး ရွှေလီ (ခ) မင်းဦးသည် ရပ်ကွက်အတွင်းရှိ လူငယ်များကို စစ်မှုထမ်းရန်အတွက် အတင်းအကျပ် လိုက်လံဖမ်းဆီးခေါ်ဆောင်နေပြီး၊ ဖမ်းဆီးရမိသူများကို လူရောင်းစားသည့် ပွဲစားသဖွယ် လုပ်ဆောင်နေကာ စစ်မှုထမ်းလူစားထိုး အရောင်းအဝယ်များတွင်လည်း ဦးဆောင်ပါဝင်နေကြောင်း သိရှိရသည်။

လက်ရှိတွင် ဒဂုံတောင်မြို့နယ်၊ ၁၄၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းကာ ရပ်ကွက်အတွင်းရှိ ပိုင်ရှင်လာရောက်ခြင်းမရှိသော မြေကွက်လပ်များကို အကွက်ရိုက်၍ လိမ်လည်ရောင်းချနေပြီး၊ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက မြို့နယ်ကြံ့ခိုင်ရေးရုံးမှတစ်ဆင့် အကာအကွယ်ယူဖြေရှင်းနေသဖြင့် ဒေသခံများအပေါ် ထင်တိုင်းကြဲ ဗိုလ်ကျနေကြောင်း သိရသည်။

အလားတူ တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်တွင်လည်း အုပ်ချုပ်ရေးမှူး အောင်မြင့်ဦး (ခေါ်) ဒေးဗစ်က အချုပ်ခန်းဖွင့်၍ လူငယ်များကို ဖမ်းဆီးထားခြင်းနှင့် စစ်မှုထမ်းရန်အတွက် ရောင်းစားခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

“အရိုးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်မြင့်ဦး (ခေါ်) ဒေးဗစ်ဆိုသူက ရာအိမ်မှူး ဒေါ်ရိုဇီ (ခ) နေဇာသွင်နဲ့ ပေါင်းပြီး ရပ်ကွက်ထဲက လူငယ်တွေကို စစ်မှုထမ်းရမည်ဆိုပြီး ခြိမ်းခြောက်တယ်။ စစ်မှုထမ်းစာရင်းမှာ မပါချင်ရင် ဒေါ်ရိုဇီက လူငယ် ၁ ဦးကို သိန်း ၂၀ ကနေ သိန်း ၅၀ အထိ တောင်းယူညှိနှိုင်းတယ်” ဟု တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

တာမွေမြို့နယ်၊ အရိုးကုန်းလမ်းနှင့် ၁၄၅ လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အုပ်ချုပ်ရေးမှူး အောင်မြင့်ဦးက ၎င်းနှင့်မတည့်သူများကိုလည်း စစ်မှုထမ်းထဲသို့ အတင်းအကျပ် လိုက်လံဖမ်းဆီးကြောင်း၊ ရပ်ကွက်ရုံးအချုပ်ခန်းတွင် ဖမ်းဆီးထားသည့် လူငယ်များကို အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သော အရက်သမားများနှင့် ဆိုက္ကားသမားများက ဝိုင်းဝန်းရိုက်နှက်မှုများရှိကြောင်း သိရသည်။

ယင်းအပြင် အုပ်ချုပ်ရေးမှူး အောင်မြင့်ဦးသည် ရပ်ကွက်နေပြည်သူများထံမှ ပြည်သူ့စစ်မှုထမ်းကြေးအဖြစ် လစဉ် ကျပ်တစ်သိန်းစီကိုလည်း မတရားကောက်ခံနေပြီး၊ စစ်မှုထမ်းဥပဒေကို အသုံးချကာ လူငယ်များကို ဖမ်းဆီးငွေညှစ်၍ ကိုယ်ကျိုးရှာ ချမ်းသာကြွယ်ဝလာကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article