28 C
Yangon

အရှေ့အလယ်ပိုင်းဒေသ ၊ ဟော်မုဇ်ရေလက်ကြားတွင် မော်လ်တာနိုင်ငံ အလံတင် ရေနံတင် သင်္ဘောကို အီရန်က ဒရုန်းဖြင့် တိုက်ခိုက်၊ ရေနံတင်နှင့် ကုန်တင်သင်္ဘော ၂၀၀ နီးပါး ပိတ်မိနေဆဲ

Must read

ရန်ကုန်၊ မတ် ၇

အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) အရှေ့အလယ်အပိုင်းဒေသ၊ ပါရှန်ပင်လယ်ကွေ့အတွင်း ခုတ်မောင်းနေတဲ့ Prima အမည်ရ ရေနံတင်သင်္ဘောတစ်စင်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အီရန်အခြေစိုက် Tasnim သတင်းအေဂျင်စီက ဒီကနေ့မတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်-IRGC ရေတပ်က ဟော်မုဇ်ရေလက်ကြားမှာ သွားလာဖို့မသင့်တော်ကြောင်းနဲ့ ဖြတ် သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် အဆိုပါသင်္ဘောက လိုက်နာခြင်းမရှိဘဲ လျစ်လျူရှုခဲ့တာကြောင့် အခုလို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အီရန်ဘက်ကတော့ အဆိုပါသင်္ဘောကို “စည်းကမ်းဖောက်ဖျက်တဲ့ သင်္ဘော” လို့ အမည် တပ်ထားပြီး ဒီကနေ့မနက်ပိုင်းမှာပဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

Marine Traffic ဝက်ဘ်ဆိုက်ရဲ့ အချက်အလက်တွေအရ တိုက်ခိုက်ခံရတဲ့ Prima သင်္ဘောဟာ မော်လ်တာနိုင်ငံအလံကို လွှင့်ထူထားတဲ့ ရေနံနဲ့ ဓာတုပစ္စည်းတင် သင်္ဘောတစ်စင်း ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုမှာ ဆက်တိုက်ဖြစ်ပွားနေတဲ့ အီရန်ရဲ့ တိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။

အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့ကြား ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ခဲ့တဲ့ ပဋိပက္ခကြောင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း သင်္ဘောတွေ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး လက်ရှိမှာ သင်္ဘောအစင်းရေ ၁၅၀ ကျော် ပိတ်မိနေပါတယ်။

မကြာသေးခင်ကလည်း အဘူဒါဘီအခြေစိုက် Transmar International Shipping ကုမ္ပဏီပိုင်၊ မော်လ်တာအလံတင် ကွန်တိန်နာသင်္ဘော Safeen Prestige ဟာ အိုမန်နိုင်ငံကမ်းလွန် ၂ မိုင်အကွာမှာ အီရန်ရဲ့ တိုက်ခိုက်မှု ခံခဲ့ရတာပါ။

သင်္ဘောရဲ့ ရေပြင်အထက်ပိုင်းကို ထိမှန်ခဲ့ပြီး စက်ခန်းထဲမှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် သင်္ဘောသားတွေဟာ သင်္ဘောကို စွန့်ခွာခဲ့ကြရပါတယ်။ ကံကောင်းထောက်မစွာနဲ့ သင်္ဘောသားအားလုံး ဘေးကင်းပြီး ဒဏ်ရာရရှိသူမရှိဘူးလို့ သိရပါတယ်။

ဒီပဋိပက္ခကြောင့် ဟော်မုဇ်ရေလက်ကြားရဲ့ အနောက်ဘက်ခြမ်းမှာ ကွန်တိန်နာသင်္ဘော ၁၃၈ စင်းကနေ ၁၄၇ စင်းအထိ ပိတ်မိနေပါတယ်။ ဒါ့အပြင် ဟူသီသောင်းကျန်းသူတွေကလည်း ပင်လယ်နီဝန်းကျင်က ကုန်သွယ်ရေးသင်္ဘောတွေကို ထပ်မံခြိမ်းခြောက်လာတာကြောင့် အခြေအနေက ပိုဆိုးလာနေပါတယ်။

ပင်လယ်ကွေ့ဒေသကို ဦးတည်တဲ့ ကုန်စည်ပို့ဆောင်မှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ် ကြောင်း ကုန်ပိုင်ရှင်တွေကို အကြောင်းကြားထားပါတယ်။

သင်္ဘောအများစုဟာ ဘေးကင်းတဲ့ ဆိပ်ကမ်းတွေကို ရှာဖွေနေကြရပါတယ်။ အိုမန်နိုင်ငံက Salalah ဆိပ်ကမ်းဟာ အရင်က ဘေးကင်းတယ်လို့ ယူဆရပေမဲ့ အခုအခါ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် မလုံခြုံတော့တဲ့အတွက် သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်းလိုမျိုး ပိုဝေးတဲ့နေရာတွေကို လမ်းကြောင်းပြောင်းနေကြရပါတယ်။

ဆိပ်ကမ်းတွေမှာ သင်္ဘောတွေ စုပြုံနေတာ၊ ကွန်တိန်နာပစ္စည်း ပြတ်လပ်တာတွေကြောင့် ကုန်စည်ပို့ဆောင်ခ (Spot rates) တွေ သိသိသာသာ တက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

လက်ရှိမှာ MSC သင်္ဘော ၁၅ စင်းနဲ့ CMA CGM သင်္ဘော ၁၄ စင်းတို့ဟာ အဆိုးရွားဆုံး ပိတ်မိနေတဲ့အထဲမှာ ပါဝင်နေပါတယ်။ ဒီစစ်ပွဲကြောင့် အရှေ့အလယ်ပိုင်း ဒေသတင်မကဘဲ တစ်ကမ္ဘာလုံးက ကုန်စည်စီးဆင်းမှု ကွင်းဆက် (Supply Chain) မှာ နှောင့်နှေးကြန့်ကြာမှုတွေနဲ့ စိန်ခေါ်မှုတွေ ဆက်တိုက်ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ- ယခုရက်ပိုင်းအတွင်း အီရန်က တိုက်ခိုက်ထားသော ရေနံတင်သင်္ဘောတစ်စီး။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article