ရန်ကုန်၊ မတ် ၇
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲပြီး ဆေးကြောင်နေသော စစ်မှုထမ်းတပ်သား အောင်စိန်သောင်းကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရမိကြောင်း Kalay Urban Guerilla (Kalay UG) တပ်ဖွဲ့မှ ပြန်ကြား ရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၅ ရက်နေ့ ကလေးမြို့နယ်တောင်ပိုင်း၊ ချင်းဆိုင်ကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ် မှ စစ်မှုထမ်းတပ်သား အောင်စိန်သောင်းမှာ မူးယစ်ဆေးဝါးသုံးစွဲပြီး ဆေးကြောင် လမ်းမှားလာကြောင်း၊ ထိုသို့ လမ်းမှားလာစဉ် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် Kalay UG တပ်ဖွဲ့ဝင်များနှင့် တိုးမိပြီး အရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖမ်းဆီးရရှိသော စစ်မှုထမ်းတပ်သား အောင်စိန်သောင်းထံမှ MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ဘောက်၊ ၅.၅၆ ကျည် ၇၅ တောင့်တို့ကိုလည်း ဖမ်းဆီးရရှိထားကြောင်း၊ ဖမ်းဆီးရမိထားသည့် တပ်သားအောင်စိန်သောင်းကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနှင့်အညီ စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားမည်ဟု Kalay UG က ဆိုသည်။
စစ်တပ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် စစ်တပ်က ကျူးလွန်နေသည့် ရာဇဝတ်မှုများနှင့်ပတ်သက်၍ Kalay Urban Guerilla (Kalay UG) ပြန်ကြားရေးတာဝန်ခံက “စကမ တပ်သားအများစုက မူးယစ်ဆေးဝါး စွဲနေကြပြီး ပြည်သူများထံမှ အတင်းအဓမ္မ ငွေကြေးတောင်းခံတာ၊ လုယက်ဓားမြတိုက်တာ၊ လူမနေတဲ့ အိမ်တွေထဲဝင်ပြီး ခိုးယူတာတွေကို ဆက်တိုက်ကျူးလွန်နေကြပါတယ်။ ကလေးမြို့ပေါ်မှာလည်း ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်တာတွေ အတော်လေး များနေပါတယ်”ဟု ပြောဆိုသည်။
လက်ရှိတွင် ကလေးမြို့နယ်အတွင်း စစ်တပ်၏ ဖမ်းဆီးငွေညှစ်မှုများကြောင့် ဒေသပြည်သူများမှာ စိုးရိမ်ထိတ်လန့်မှုများဖြင့် နေထိုင်နေကြရကြောင်း သိရှိရသည်။




