ရန်ကုန်၊ မတ် ၇
ပဲခူးတိုင်း၊သာယာဝတီထောင်တွင် လာစစ်ဆေးသော ICRC အဖွဲ့ထံသို့ ထောင်တွင်းလိုအပ်ချက်များ တင်ပြခဲ့သည့် နိုင်ငံရေးအကျဉ်းသားများကို လူမဆန်စွာရိုက်နှက်ညဉ်းပန်းနေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC အဖွဲ့က သာယာဝတီ အကျဉ်းထောင်သို့ လာရောက်စဉ် နိုင်ငံရေးအကျဉ်းသားများက ထောင်တွင်း လိုအပ်ချက်အခွင့်အရေးများကို တင်ပြခဲ့ကြောင်း၊ ထိုသို့ တင်ပြမှုအပေါ် သာယာဝတီထောင်မှ ဗဟိုထောင်ဦးစီးက မကျေနပ်ဘဲ ICRC သို့ ထောင်တွင်းအခွင့်အရေးလိုအပ်ချက်များ ပြောကြားခဲ့သည့် နိုင်ငံရေး အကျဉ်းသား ၃ ဦးကို လူမဆန်စွာ ရိုက်နှက်ညှဉ်းပန်းခဲ့ကြောင်း သိရှိရသည်။
“ဒီဖြစ်စဉ်မှာ ထောင်ပိုင်ရဲ့ အမိန့်မပါဘဲ ဗဟိုထောင် ဦးစီးရဲ့ အမိန့်နဲ့ လုပ်ဆောင်ခဲ့တာ။ ထောင်ပိုင်က ဆက်မရိုက်ဖို့ တားဆီးပေမယ့်လည်း ဝန်ထမ်းတွေက ထောင်ပိုင်အလစ် ညဉ့် နက်ပိုင်းတွေမှာပါ ဆက်လက်ရိုက်နှက်ခဲ့တာ”ဟု အကျဉ်းထောင်နှင့် နီးစပ်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထိုသို့ နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်ခံရမှုကို မြင်တွေ့ရသည့် အခြားနိုင်ငံရေးအကျဉ်း သားများက ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ထောင်ဝန်ထမ်းများနှင့် ဗဟိုထောင်ဦးစီးက တုတ်၊ လေးခွများနှင့် အဆောင်အတွင်းဝင်ရောက်ပစ်ခတ်နှိပ်စက်ခြင်း၊ တိုက်ပိတ်ခြင်းများကိုပါကျူးလွန်ခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောပြသည်။
ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားများအပေါ် အမြဲလိုလို နှိပ်စက်ညှဉ်းပန်းနေသော နာမည်ဆိုးဖြင့် ကျော်ကြားသည့် အကျဉ်းထောင်တစ်ခုဖြစ်ပြီး အကျဉ်းသားများမှာ အခွင့်အရေးများ ဆုံးရှုံးမှုများစွာရှိနေကြောင်း သိရှိရသည်။
အကျဉ်းထောင်အတွင်း နေရာထိုင်ခင်း အလွန်အမင်းကျပ်တည်းခြင်း၊ လျှပ်စစ်မီးရရှိမှု နည်းပါးခြင်း၊ သုံးရေပြတ်လပ်ခြင်းများဖြစ်ပေါ်နေပြီး ရေမချိုးရသည့်အပြင် တစ်ကိုယ်ရေသန့်ရှင်းမှု ကောင်းစွာ မပြုလုပ်ရသောကြောင့် အရေပြားကူးစက်ရောဂါများအပြင် ဖျားနာမှုများလည်း ပိုမိုဆိုးရွားလျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- ၂၀၂၀ ခုနှစ်အတွင်း အင်းစိန်ထောင်မှ အကျဉ်းသားများကို သာယာ၀တီထောင်သို့ လွှဲပြောင်းပို့ဆောင်စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)




