28 C
Yangon

ရှမ်းပြည်နယ်တွင် တစ်ပိုင်တစ်နိုင်သယ်လာသည့် စက်သုံးဆီပုံးများကို စစ်တပ်က စီမံချက်ဖြင့် ဖမ်းဆီးနေပြီး လားရှိုးတွင် စက်သုံးဆီပြတ်လပ်

Must read

ရန်ကုန်၊ မတ် ၇

ရှမ်းပြည်နယ်တွင် တစ်ပိုင်တစ်နိုင်သယ်လာသည့် ဆီပုံးများကို စစ်တပ်က စီမံချက်ဖြင့် ဖမ်းဆီးနေပြီး လားရှိုးတွင် စက်သုံးဆီပြတ်လပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်တွင် စက်သုံးဆီပြတ်လပ်မှုနှင့် ကြုံတွေ့နေရချိန်တွင် ရှမ်းပြည်တောင်ပိုင်းမှ တပိုင်တနိုင် သယ်ဆောင်လာသည့် ဆီပုံးများကိုပါ စစ်တပ် ဂိတ်များက ဖမ်းဆီးသိမ်းဆည်းမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

မတ်လ ၆ ရက်နေ့မှစတင်ကာ ရှမ်းပြည်နယ်တောင်ပိုင်းမှ မြောက်ပိုင်းသို့ သွားလာနေသည့် အိမ်စီးကားနှင့် ခရီးသည်တင်ကားများကို စစ်တပ် (စကမ) ဂိတ်များက တင်းတင်းကျပ် ကျပ် စစ်ဆေးနေကြောင်း၊ ထိုသို့စစ်ဆေးရာတွင် ကားပေါ်၌ ပါရှိလာသော ဓာတ်ဆီအပြည့်ပါ ၅ ဂါလံဝင် အဝါရောင်ဆီပုံးများကို သိမ်းဆည်းနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဒေသခံပြည်သူတစ်ဦးက “ရှမ်းမြောက်က ရှမ်းရှေ့နဲ့ ရှမ်းတောင်ထက် ပိုဆိုးနိုင်တယ်။ ရှမ်းတောင်ကနေ သယ်လာတဲ့ တပိုင်တနိုင် ဆီပုံးတွေကို အသိမ်းခံနေရတယ်။ စကမ ဂိတ်တွေက ပေးမသယ်ခိုင်းဘူး။ လားရှိုးမှာ ဆီပြတ်နေပြီလို့ သိရတယ်။ ရှမ်းမြောက်က ပြည်သူတွေကတော့ တော်တော်ဒုက္ခရောက်နေတယ်” ဟု ပြောဆိုသည်။

ယင်းအပြင် စက်သုံးဆီ ချွေတာရေးအတွက်ဟုဆိုကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ရှမ်း ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးသို့ ကန့်သတ်ချက်အမိန့်များ ထုတ်ပြန်လာကြောင်း၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် နမ္မတူမြို့နယ်ရှိ ဌာနဆိုင်ရာယာဉ်များကိုအသုံး ပြုရာတွင် ကန့်သတ်ချက်များ ထုတ်ပြန်ကြောင်း၊ အုပ်ချုပ်မှုနှင့် လုပ်ငန်းသုံး မော်တော်ယာဉ်များ (ဆိုင်ကယ်များအပါအဝင်) ကို အပတ်စဉ် ရုံးဖွင့်ရက်များတွင် တစ်ဝက်အသုံးပြု၍ တစ် ဝက်နားသည့် အလှည့်ကျစနစ်ဖြင့်သာ သုံးစွဲရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

ထို့ပြင် ရုံးပိတ်ရက်ကန့်သတ်ချက်ဖြစ်သော စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် ဌာနဆိုင်ရာယာဉ်များ လုံးဝအသုံးမပြုရန်၊ ခြွင်းချက်အနေဖြင့် အရေးကြီးလုပ်ငန်းလိုအပ် ချက်ရှိပါက ဌာနအကြီးအကဲ၏ ခွင့်ပြုချက်ရရှိမှသာ အသုံးပြုရန်တို့ကို ညွှန်ကြားထား သည် ဟု သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အဆိုပါ ညွှန်ကြားချက်တွင် လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေအရ အရှေ့အလယ်ပိုင်းဒေသ၌ စစ်ရေးပဋိပက္ခများဖြစ်ပွားနေသဖြင့် ရေလမ်းကြောင်းတစ်လျှောက် အတားအဆီးများရှိကာ လောင်စာဆီတင်သွင်းမှု ခက်ခဲနေသောကြောင့် ခြိုးခြံချွေတာရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်တပ်က သတ်မှတ်ထားသည့် စည်းကမ်းများကို ဖောက်ဖျက်ပါက ထိရောက်စွာ အရေး ယူမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စက်သုံးဆီရှားပါးမှုကြောင့် သယ်ယူပို့ဆောင်ရေးနှင့် ဒေသခံများ၏ နေ့စဉ်လူမှုဘဝလုပ်ငန်း ဆောင်တာ များတွင် အခက် အခဲအကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- စက်သုံးဆီဆိုင်များကို လိုက်လံစစ်ဆေးနေသည့် အကြမ်းဖက်များ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article